အသံချိုချိုအေးအေးလေးနဲ့ သီချင်းတွေကို သီဆို ဖျော်ဖြေတတ်တဲ့ အဆိုတော် ဖြိုးပြည့်စုံက သူ့ရဲ့ တကိုယ်တော် သီချင်းခွေ “မျှော်နိုင်သမျှ” Audio အခွေ ထွက်ရှိပြီး ၃ နှစ် ကျော်ကြာမှ DVD အခွေ ထွက်ရှိလာပေမယ့် DVD အခွေ ထွက်ဖို့ ပရိုဂျူဆာ ဘက်ကရော ပညာရှင်ဘက်ကပါ ခက်ခဲနေတဲ့ ခေတ်ကာလပါလို့ ပြောပါတယ်။
“Audio ခွေမှာ ၁၃ ပုဒ်ပါတယ်။ DVD အခွေမှာတော့ ကျနော် မနိုင်တော့လို့ ၂ ပုဒ် ဖြုတ်လိုက်ရတယ်။ Bonus အနေနဲ့ ‘မျှော်လင့်ချက်လေး’ သီချင်းကို ထည့်ပေးထားပါတယ်။ ကျနော့် သီချင်းတွေကို ရိုးအီနေပြီ ဆိုပေမယ့်လည်း DVD ကာရာအိုကေ အခွေ ထွက်ဖို့ဆိုတာလည်း ပရိုဂျူဆာဘက်ကရော ပညာရှင်ဘက်ကရော ခက်ခဲနေတဲ့ ခေတ်ကာလပါ။ တပုဒ်လေးတွေပဲ တင်နိုင်တဲ့ အခွင့်အရေး ရှိတာပါ။ ကျနော်ရဲ့ ပထမဆုံးမှတ်တိုင်မို့ အရဲစွန့်ြ့ပီး ကြိုးစားပါတယ်” လို့ အဆိုတော် ဖြိုးပြည့်စုံက ပြောပါတယ်။
“ပရိသတ်တွေ ‘မျှော်နိုင်သမျှ’ကို ၃ နှစ်တိုင် အားပေးလို့ ကျနော်အလုပ်တွေ လုပ်နိုင်တယ်။ အဲ့အတွက် သူတို့ကြိုက်တဲ့ သီချင်းလေးတွေကို ကိုယ်တိုင်ဆိုရမယ်၊ ရုပ်လေးတွေလည်း ကြည့်ခွင့်ရမယ် ဆိုပြီး ကျနော် ကြိုးစားပြီး ထွက်တာပါ။ အခွေတွက် အဖက်ဖက်ကနေ ကူညီပေးကြသူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်”လို့ ဖြိုးပြည့်စုံက ဆိုပါတယ်။
အွန်လိုင်းကနေလည်း ပရိသတ်တွေ နားဆင်နေတာကြောင့် ဘယ်လိုနည်းနဲ့ပဲ အားပေးအားပေး အနုပညာအရ ဖန်တီး ထားတာတွေကို ကြည့်ရှုသူရှိမှ ပိုပြီးကြည့်ရှု အားပေးစေချင်ပြီး သူရဲ့ ပရိသတ်တွေကို “အခွေ ဝယ်ပါ” လို့လည်း မပူဆာချင်တော့ဘူးလို့ ဆိုပါတယ်။
“ကျနော့် အခွေကို ဝယ်ပါ ဝယ်ပါ လို့လည်း မပူဆာချင်တော့ဘူး။ ပရိသတ်တွေကလည်း အဆင်ပြေမှ ဝယ်နိုင်မှာ ပေါ့နော်။ ကျနော်တို့ဘက်ကသာ အကောင်းဆုံး ကြိုးစားရမယ်ဆိုတဲ့ စိတ်ပဲ ရှိပါတယ်။ အွန်လိုင်းတွေလည်း ပေါ်လာတော့ ပရိသတ်တွေ လက်ထဲကို လွယ်လွယ်ကူကူနဲ့ ရောက်လာဖို့ အခွင့်အရေးတွေတော့ များတာပေါ့။ ဘယ်လိုနည်းနဲ့ပဲ အားပေးအားပေး ကျနော်တို့ ဖန်တီးထားတာတွေကို ကြည့်ရှုသူရှိမှ ပိုပြီးကြည့်ရှုပေးစေချင်ပါတယ်”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။
အဆိုတော် ဖြိုးပြည့်စုံကတော့ “မျှော်နိုင်သမျှ” ၊ “လရိပ်” စတဲ့ သီချင်းနဲ့ လူသိများလာခဲ့ပြီး Jewel (ဂျူဝယ်) နဲ့ အတူ သီဆိုထားတဲ့ “အလွမ်းမှတ်တိုင်” သီချင်းကလည်း အွန်လိုင်းပရိသတ်တွေကြားမှာ လူသိများ ရေပန်းစားခဲ့ပါတယ်။
အချိန် ၃ နှစ် ကျော် ကြာပြီးမှ ထွက်ရှိလာတဲ့ အဆိုတော် ဖြိုးပြည့်စုံရဲ့ “မျှော်နိုင်သမျှ” DVD Karaoke ကတော့ ဇွန်လ ၂၉ ရက်နေ့မှာ The Sun Music ထုတ်လုပ်ရေးကနေ တနိုင်ငံလုံး ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
The post “DVD ခွေထွက်ဖို့ ပရိုဂျူဆာရော ပညာရှင်ဘက်ကပါ ခက်ခဲနေတဲ့ ခေတ်ပါ”လို့ ဆိုတဲ့ ဖြိုးပြည့်စုံ appeared first on ဧရာဝတီ.