သီချင်းကောင်းတွေကို သီဆိုတတ်ပြီး ပရိသတ် အခိုင်အမာရရှိတဲ့ အဆိုတော် တင်ဇာမော်က လက်ရှိ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဒုတိယအကြိမ်ဒိုင် အဖြစ် ဆောင်ရွက်နေသူတဦးပါ။ ဒီပြိုင်ပွဲမှာ တပတ်တယောက် ပြိုင်ပွဲကနေ ပြုတ်သွားတဲ့ အပေါ်အစတုန်းက မခံစားနိုင်ပေမယ့် ပြိုင်ပွဲဖြစ်နေတော့ ပထမရမယ့်သူ တယောက်ပဲ ရှိမှာလို့ တင်ဇာမော်က ဧရာဝတီကို ပြောပါတယ်။
“ပြိုင်ပွဲက အဆင့်ပေါင်းများစွာ ကျော်ဖြတ်ရတယ်။ အချိန်ကတော့ ၆ လလောက် ကြာမယ်။ ဒီ ၁၀ ယောက်ထဲက ဘယ်သူ ပထမရမယ် ဆိုတာ မသိနိုင်ဘူး။ ကျမတို့လည်း မသိနိုင်ဘူး။ အဲ့ပေါ်မှာ သူတို့ကလည်း အပြောင်းအလဲတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် ပြောနိုင်တာက ဘယ်သူကတော့ အရည်အချင်း ဘယ်သူထက် ဘယ်လောက် ပိုသာတယ်။ ဒီလောက်ကတော့ ပြောလို့ရတယ်။ မှန်းလို့လည်းရတယ်” လို့ တင်ဇာမော်က ပြောပါတယ်။
“ဘယ်သူ ပထမ ရမလဲ ကျမတို့လည်း မမှန်းနိုင်ဘူး။ ပရိသတ် ဆုံးဖြတ်ရမယ့်ပွဲ ဖြစ်နေတယ်။ ပရိသတ်ကလည်း ဘယ်သူ ကောင်းတယ်ဆိုတာ ကောင်းကောင်းသိတယ်။ ဘယ်သူ့ကို ရွေးရမယ် ဆိုတာလည်း သူတို့သိပါတယ်။ လူကြိုက်များတဲ့ သူက အတော်ဆုံး ဖြစ်ပါလိမ့်မယ်” လို့ တင်ဇာမော်က ဆိုပါတယ်။
“တပတ်တယောက် ဖြုတ်တာကတော့ ပရိသတ်က ဖြုတ်တာလည်း မဟုတ်ဘူး။ ဒီပြိုင်ပွဲစနစ်ကိုက တပတ်တယောက် ပြုတ်မှာလေ။ အဲ့လိုပြုတ်သွားတဲ့ အပေါ်ကျမ အစတုန်းက မခံစားနိုင်ဘူး။ မခံစားနိုင်လို့လည်း မရဘူးလေ။ ပြိုင်ပွဲ ဖြစ်နေေတော့ ပထမရမယ့် လူကိုတော့ ရွေးရမယ်။ ဒီတိုင်းထားလို့မှ မရဘဲနော်”လို့ တင်ဇာမော်က ပြောပါတယ်။
Myanmar Idol ပြိုင်ပွဲကို ပွဲခင်းထဲမှာသီဆိုတာနဲ့ တီဗီမှာလွှင့်တဲ့ အခါ အသံတွေက လွဲကောင်း လွဲနေတတ်ကြောင်း ပွဲခင်းမှာ ဒိုင်လုပ်ပြီး အိမ်ပြန်ရာက်တာနဲ့ Myanmar Idol ကို ပြန်ကြည့်လေ့ရှိကြောင်း တင်ဇာမော်ကပြောပါတယ်။
“တီဗီကနေ စောင့်ကြည့်နေတဲ့ ပရိသတ်တွေနဲ့ ကျမတို့က လွဲကောင်းလွဲနေတယ်။ ကျမတို့တွေက ဒီပွဲခင်းကြီးတွေ နားထောင်တာ Echo အသံလေးတွေ ရှိနေတတ်တယ်။ တီဗီကတော့ ငြိမ်တာပေါ့။ တခါတလေ ကျမတို့က လိုတယ် ထင်ပေမယ့် တီဗီကြည့်နေတဲ့ပရိသတ်တွေကမလိုဘူးလို့ ထင်ကြတယ်လေ”
“ကျမကိုယ်တိုင်က ဒိုင်အနေနဲ့ ပွဲထဲမှာ သုံးသပ်ရတဲ့အပြင် အိမ်ရောက်ရင်လည်း ဒီအစီအစဉ်ကို ပြန်ကြည့်တယ်လေ။ ပြန်ကြည့်တော့ အဲဒီမှာ ကွာခြားချက်တွေ့တယ်။ အခြေခံအရတော့ သူတို့ဆိုတဲ့ပေါ်မှာပဲ သုံးသပ်ချက် ပေးတာပေါ့လေ။ သူတို့လိုအပ်တာ တွေကောင်းတာတွေကို ယေဘုယျ အားဖြင့်တော့ ကျမတို့ပြောနိုင်တယ်”လို့ တင်ဇာမော်က ဆိုပါတယ်။
ဇွန်လ ၂၂ ရက်နေ့က ထုတ်လွင့်ခဲ့တဲ့ Myanmar Idol Result Show မှာတော့ ပြိုင်ပွဲဝင် နန်းရွှေရည်နဲ့ နော်ဂျက် တို့ နှစ်ဦးဟာ ပြိုင်ပွဲကနေ Voting စနစ်အရ အနည်းဆုံး ဖြစ်ခဲ့လို့ နှုတ်ထွက်ခဲ့ရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – “ပြိုင်ပွဲဝင်တွေအတွက် အရမ်းစဉ်းစားရလို့ မျက်နှာထား တည်ရတာပါ”ဆိုတဲ့ တင်ဇာမော်
The post “Myanmar Idol ကနေ တပတ်တယောက် ပြုတ်သွားတာကို မခံစားနိုင်ဘူး” ဆိုတဲ့ တင်ဇာမော် appeared first on ဧရာဝတီ.