အဆိုတော် ကော်နီက ယနေ့၊ ဇူလိုင် ၁၁ ရက်နေ့မှာ “ကျမ ဒီနေ့ ဘယ်သူ့အတွက် ငိုကြွေးရမလဲ မသိတော့ဘူးလေ ရင်ထဲမှာ နာကျင်လွန်းလို့” လို့ဆိုပြီး သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။
အဆိုတော် ကော်နီ ဆိုလိုတာက ဒီနေ့ဟာ သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီး ကွယ်လွန်ခဲ့တာ ၁၁ နှစ်ပြည့် နေ့ဖြစ်သလို ဇူလိုင်လ ၁၀ ရက်နေ့၊ မနေ့ကလည်း မဇ္ဈိမလှိုင်းက ဦးရဲလွင် ကွယ်လွန်ခဲ့တာဖြစ်တာကြောင့် အခုလို ဝမ်းနည်းတဲ့ ခံစားချက်များကို ရေးသားခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့ အဆိုတော် ကော်နီကို ဧရာဝတီက ဆက်သွယ် မေးမြန်းတဲ့အခါ အခုလို ဆိုပါတယ်။
“ဦးရဲက မကော်ကို အရမ်းချစ်တယ်။ ဦးရဲ ဆေးရုံတက်တော့ မကော် သွားမယ် သွားမယ်နဲ့ ခါးနာနေတော့ တော်တော်နဲ့ မသွားဖြစ်ဘူး။ နောက်ပြန်ကောင်းသွားတော့ တုပ်ကွေးကတခါ ပြန်ထပြန်ရော။ ဦးရဲဆီကို မရောက်ဖြစ်ဘူး။ ကိုတူးတူးကလည်း နေကောင်းပါတယ်တဲ့ နောက်မှပဲ သွားကြည့်မယ်ဆိုပြီး မကြည့်ဖြစ်ဘူး။ ကိုယ့်ကိုချစ်တဲ့ သူတယောက်ကို မသွားလိုက်ရတော့ စိတ်မကောင်းဖြစ်တယ်” လို့ အဆိုတော် ကော်နီက ဧရာဝတီကို ပြောပါတယ်။
“ကိုသားကြီးကိုလည်း သတိရပါတယ်။ မနက်ကတည်းက အစ်ကို (ကိုသားကြီး) ပုံတွေတက်လာလိုက်၊ ဦးရဲပုံတွေ တက်လာလိုက်နဲ့ စိတ်ထဲ မကောင်းဘူး။ ကိုယ့်မှာလည်း အစ်ကိုတွေ မရှိတော့ဘုူးဆိုတော့ ရင်ထဲမှာ ဘယ်လိုတွေ ပြောရမှန်းတောင် မသိဘူး” လို့လည်း ကော်နီက ဆိုပါတယ်။
ဒီလို ဝမ်းနည်းစရာတွေ ကြုံ့လာတဲ့အတွက် အဆိုတော် ကော်နီက ဒီနေ့ ညပိုင်းမှာ ရွှေတိဂုံဘုရားသွားပြီး ကောင်းမှု ကုသိုလ်များပြုလုပ်မယ်လို့လည်း ဆိုပါတယ်။ အဆိုတော် ကော်နီဟာ ဒွေး မကွယ်လွန်ခင်က ဒွေးနဲ့ အတူတူ သီဆိုခဲ့တဲ့ “ဘယ်တော့မှ မမေ့ဘူး” ဆိုတဲ့သီချင်းကလည်း ပရိသတ်များ အခုချိန်ထိ ကြိုက်နေကြဆဲ ဖြစ်ပါတယ်။
The post ဦးရဲလွင်နဲ့ ဒွေးတို့အတွက် ဝမ်းနည်းနေတဲ့ အဆိုတော် ကော်နီ appeared first on ဧရာဝတီ.