စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ဂါရ” သီချင်း Music Video မှတဆင့် သတိထားမိလာခဲ့ကြတဲ့ ဆေးကျောင်းသူလေး မော်ဒယ် ပိုးမမှီသာကတော့ ဆေးကျောင်းမပြီးခင် အချိန်အတွင်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်နေတာဖြစ်ပြီး ကျောင်းပြီးသွားပါက ဆရာဝန်အလုပ်ကိုသာ လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။
“အခုလောလောဆယ် ဆုံးဖြတ်ထားတာကတော့ ကျောင်းပြီးလို့ ဘွဲ့ရသွားတဲ့အခါကျရင် ဆရာဝန် တယောက် အနေနဲ့ ရပ်တည်သွားဖို့ဆုံးဖြတ်ထားပါတယ်။ အနုပညာအလုပ်ကတော့ ကိုယ်ကျောင်းမပြီးခင် ဝါသနာပါတဲ့ အတွက် လုပ်ဖြစ်တာပါ” လို့ ပိုးမမှီသာက ပြောပါတယ်။ လက်ရှိမှာတော့ ဆေးကျောင်း Final Part 2 ကို တက်ရောက်ရတော့မှာဖြစ်တဲ့အတွက် အရေးကြီးတဲ့အချိန်ကို ရောက်လာပြီး အနုပညာအလုပ်တွေကို လျှော့ပြီး ကျောင်းစာဘက်ကို အာရုံစိုက်ရတော့မှာဖြစ်တယ်လို့ ပိုးမမှီသာက ပြောပါတယ်။
“အခုတော့ ညီမက Final Part 2ဆိုတော့ အရေးကြီးတဲ့အချိန်ကို ရောက်လာပါပြီ။ အခုလို အနုပညာ လုပ်လာတဲ့ အတွက် ကျောင်းဘက်မှာ နည်းနည်းလစ်ဟင်းတာတွ ရှိပါတယ်။ ဒါပေမယ့်အရေးကြီးလာတဲ့အပိုင်း ရောက်လာတဲ့ အခါမှာ ကိုယ်တိုင်ကလည်း အနုပညာဘက်ကို နည်းနည်းလေးလျော့ပြီး ကျောင်းပညာရေး ဘက်ကို ပိုပြီးအားပေးဖို့ အချိန်ရောက်လာပြီပေါ့နော်။ အချိန်ရရင် ရသလိုအနုပညာအလုပ်ကိုလည်း လုပ်မယ်။ ကျောင်းဘက်ကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ ပိုးမမှီသာက ဆိုပါတယ်။
သူမအနေနဲ့ ပရော်ဖက်ရှင်နယ် အလုပ်တခုကိုပဲ ရွေးချယ်ခွင့်ရပြီး အနုပညာနဲ့ ဆရာဝန်အလုပ် ၂ခုကို ပြိုင်တူလုပ်တဲ့ အခါမှာလည်း တခုကို အားလျော့သွားမှာစိုးတဲ့အတွက် တခုတည်းကိုသာ တစိုက်မတ်မတ် လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ညီမတို့ ပရော်ဖက်ရှင်နယ်က တခုတည်းကို ရွေးချယ်ရတယ်။ ညီမကိုယ်တိုင်လည်း ၂ခုကိုပြိုင်တူလုပ်တဲ့အခါမှာ တခုကို အားလျော့သွားမှာ အချိန်မပေးနိုင်မှာ စိုးရိမ်တာကြောင့် တခုထဲကို တစိုက်မတ်မတ်လုပ်ဖို့ ဆုံးဖြတ်လိုက် ပါတယ်” လို့ ပိုးမမှီသာက ပြောပါတယ်။
ပိုးမမှီသာကတော့ လတ်တလောမှာ ကြော်ငြာများ ၊ ဓာတ်ပုံများရိုက်ကူးဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ အတွက်တော့ အစီအစဉ် မရှိသေးဘဲ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါး ရိုက်ကူးမှုများသာ လက်ခံဖြစ်တယ်လို့ သိရပါတယ်။
The post ဆေးကျောင်းမပြီးခင် အချိန်အတွင်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်မယ့် ပိုးမမှီသာ appeared first on ဧရာဝတီ.