သရုပ်ဆောင် မေထွဋ်ခေါင်က သူမရဲ့ နေပြည်တော်က အိမ်ကို အိမ်တံခါး ရိုက်ဖွင့်ကာ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းများ ယူဆောင်သွားခြင်း ခံရတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“နေပြည်တော်မှာ အိမ်ဖောက်ခံရတာပါ။ ရန်ကုန်ကို ကားဝယ်ဖို့ပြန်ဆင်းတာ နောက်ကိုယ်ဝန်ကိုလည်း ပြဖို့ ရှိနေတာနဲ့ နေပြည်တော် အိမ်ကနေပြန် အဆင်း ည ၈ နာရီလောက်မှာ အခိုးခံရတယ်လို့ ဖုန်းဆက်တော့တာပဲ”
“အိမ်တံခါးကို ရိုက်ဖွင့်သွားတာ။ အိမ်မှာ လူရှိတယ်။ ရှိတဲ့သူက ခေါင်းသွား လျှော်နေတုန်း အိမ်မှာ မွှေထားတယ်လို့ ပြောတယ်။ ပါသွားတာတွေက သမီးလေးရဲ့ လက်ဝတ်လက်စားတွေရယ်။ ညီမ ဝမ်းကွဲလေး Miss သွားပြိုင်ဖို့ အပ်ထားတဲ့ ပိုက်ဆံ၂၁ သိန်းရယ်၊ ဒေါ်လာ ၁၇၀၀ ရယ်၊ နောက် ပိုက်ဆံ ၅ သိန်းလောက်ရယ်၊ စိန်လော့ကတ်လေး တခုရယ် ပါသွားတယ်။ အမှုတော့ မဖွင့်တော့ပါဘူး” လို့ မေထွဋ်ခေါင်က ပြောပါတယ်။

ဒီလို ဖောက်ထွင်းခံရတာက ဇူလိုင် ၁၂ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ဒီလို ဖောက်ထွင်းခံရပေမယ့် အမှု မဖွင့်ဖြစ်တော့ဘူးလို့ မေထွဋ်ခေါင်က ဆိုပါတယ်။
“အမှု မဖွင့်ဖြစ်တာက အရင်က ကျမအိမ်က အိမ်ဖော်ကောင်မလေး ပိုက်ဆံ ၇ သိန်းခိုးပြီး ထွက်ပြေးသွားလို့ အမှု သွားဖွင့်တယ်။ ဘာမှမလုပ်ပေးကြဘူး။ အခုလည်း ဖွင့်ရင် သိပ်ထူးမယ် မထင်လို့ မဖွင့်တော့တာပါ။ နောက်ပြီး ကျမကလည်း ကိုယ်ဝန်နဲ့ ဆိုတော့ ခိုးတဲ့ သူမိလည်း ကျမ ဘာမှလုပ်မှာ မဟုတ်ပါဘူး” လို့ မေထွဋ်ခေါင်က ဧရာဝတီကို ပြောပါတယ်။
မေထွဋ်ခေါင်က အိမ်ထောင်ကျပြီးနောက်မှာ အနုပညာလုပ်ငန်းများနဲ့ ဝေးကွာနေပြီး သမီးကြီး “မေနန်းစံသူ” အသက် ၁ နှစ် ၁၀ လနဲ့ ယခုအခါမှာလည်း သားယောကျာ်းလေး ကိုယ်ဝန် ၅ လကို လွယ်ထားသူလည်း ဖြစ်ပါတယ်။
The post နေပြည်တော်မှာရှိတဲ့ သရုပ်ဆောင် မေထွဋ်ခေါင်ရဲ့အိမ် ဖောက်ထွင်းခံရ appeared first on ဧရာဝတီ.