ဒါရိုက်တာ Gus Van Sant က သူဟာ မင်းသား ဘရက်ပစ်၊ မင်းသား လီယိုနာဒို ဒီကာပရီယိုတို့ နဲ့အတူ “Brokeback Mountain” ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးဖို့ နီးစပ်ခဲ့ပေမယ့် သူတို့နှစ်ဦးလုံးက ရုပ်ရှင်မှာ ပါဝင်လိုတဲ့ ဆန္ဒ မရှိခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
IndieWire နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ဒါရိုက်တာ Van Sant က သူဟာ ဒါရိုက်တာ အန်းလီ မတိုင်ခင် အဲဒီရုပ်ရှင် ဒါရိုက်တာ အဖြစ် ပါဝင်ဖို့ နီးစပ်ခဲ့ပေမယ့် ဟောလိဝုဒ်မှာရှိတဲ့ ထိတ်ထိတ်ကြဲ မင်းသားတွေအားလုံးထံ အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူတု့ိအားလုံးက ငြင်းပယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါရိုက်တာ Van Sant က “ဘယ်သူကမှ မလုပ်ချင်ကြဘူးလေ။ ကျနော်က အဲဒီအတွက် အလုပ်လုပ်နေခဲ့ပြီး တကယ့်ကို နာမည်ကျော် သရုပ်ဆောင်တွေနဲ့ ခိုင်မာတောင့်တင်းတဲ့ သရုပ်ဆောင် တယောက်ကို လိုအပ်ခဲ့ပါတယ်။ အလုပ်မဖြစ်ခဲ့ပါတယ်။ လီယိုနာဒို ဒီကာပရီယို၊ ဘရက်ပစ်၊ မတ်ဒေမွန်နဲ့ Ryan Phillippe တို့လိုမျိုး အကျော်အမော်တွေကို မေးကြည့်ခဲ့ပါတယ်။ သူတို့က မလုပ်ဘူးလို့ ပြောခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အဲဒီရုပ်ရှင်ကို ဒါရိုက်တာ အန်းလီက ရိုက်ကူးခဲ့တာဖြစ်ပြီး လိင်တူချစ်သူအဓိက ဇာတ်ဆောင် နှစ်ဦးအဖြစ် မင်းသား Heath Ledger နဲ့ မင်းသား Jake Gyllenhaal တို့က ပါဝင်ခဲ့ကြတာပါ။ ထွက်ရှိလာခဲ့ပြီးတဲ့နောက် ချီးကျူးခံခဲ့ရပြီး အော်စကာဆု ၈ ခု လျာထားခံခဲ့ရကာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မှီငြမ်း ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး မူရင်းတေးသွားဆုတို့ ရရှိခဲ့ပါတယ်။
အဲဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးခဲ့ပြီး ထုတ်လုပ်ခဲ့တဲ့ Diana Ossana ကတော့ ရုပ်ရှင်မှာပါဝင်ဖို့ လူငယ် မင်းသား အားလုံးကို ကမ်းလှမ်းခဲ့ပေမယ့် သူတို့အားလုံးက အကြောင်းပြချက် မျိုးစုံပေးပြီး ငြင်းပယ်ခဲ့ကြတယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒါပေမယ့် ဒါရိုက်တာ Van Sant ကတော့ အဲဒီရုပ်ရှင်မှာ လူမသိသေးတဲ့ မျက်နှာသစ် သရုပ်ဆောင်တွေကို ထည့်သွင်း အသုံးပြုသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုတော့ မင်းသား ဘရက်ပစ်နဲ့ လီယိုနာဒိုတို့ဟာ ဒါရိုက်တာ Quentin Tarantino ရိုက်ကူးတဲ့ “Once Upon a Time in Hollywood” ဆိုတဲ့ ရုပ်ရှင်မှာ ပထမဆုံး အတူတွဲပြီး ရိုက်ကူးနေကြပြီ ဖြစ်ပါတယ်။
အဲဒီဇာတ်လမ်းဟာ နာမည်ကျော်သရုပ်ဆောင် Sharon Tate နဲ့ အခြားလူ ၃ ဦးကို အသတ်ခံခဲ့ရတဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Ref: indianexpress
The post လိင်တူချစ်သူအသားပေး ရုပ်ရှင်မှာ ပါဝင်ဖို့ ငြင်းခဲ့တဲ့ ဘရက်ပစ်၊ လီယိုနာဒိုနဲ့ မတ်ဒေမွန် appeared first on ဧရာဝတီ.