အဆိုတော် ဉာဏ်လင်းအောင်ကတော့ အခွေမထွက်တာ အချိန်အတိုင်းအတာတခုအထိ ကြာသွားပြီးနောက် မကြာခင်မှာ ထွက်ရှိလာမယ့် သူရဲ့ တတိယမြောက်အခွေမှာတော့ သူ့ရဲ့ အသက်အရွယ်အရ ဒဿနဆန်တဲ့ သီချင်းများနဲ့ တွန်းအားပေးတဲ့ သီချင်းတွေ ပါဝင်လာခဲ့ပြီး အခုနောက်ပိုင်းမှာ ပရိသတ်နဲ့ ထပ်တူကျတဲ့ သီချင်းတွေ ရှားလာတယ်လို့ ပြောပါတယ်။
“နားထောင်စရာတွေလည်း များလာတယ်။ အဆိုတော်တွေလည်း များလာတယ်။ အဆိုတော်တယောက် တယောက်ကို သီချင်း ၁၂ ပုဒ် ၁၃ ပုဒ်၊ အချိန်ပေးရမယ်။ နောက်ပြီးတော့ သီချင်းတွေကလည်း ရှားလာတယ်။ ထပ်တူကျမယ့် သီချင်းက ရှားလာတယ်။ အကောင်းဆုံး ၆ ပုဒ်ကို ရွေးပြီး ထုတ်ထားပါ။ အဲဒီသီချင်းက လူတွေရဲ့ ပါးစပ်ထဲ စွဲသွားရင် ပေါက်ပြီ။ သီချင်းရဲ့ ကွာလတီ အရည်အသွေးနဲ့ မဆိုင်ဘူးလို့ ပြောလို့ရတယ်” လို့ ဉာဏ်လင်းအောင်က ပြောပါတယ်။
၂၀၁၂ ခုနှစ်က ဒုတိယ တကိုယ်တော်အခွေဖြစ်တဲ့ “သူစိမ်းလူ” အခွေကို ထွက်ရှိပြီးနောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် အခွေ မထွက်ဖြစ်ဘဲ ယခုအချိန်မှာသာ ထွက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အခွေ မထွက်တဲ့ အချိန်ပိုင်းအတွင်းမှာတော့ သရုပ်ဆောင်လုပ်ဖို့အတွက် ကမ်းလှမ်းမှုတွေ ရှိခဲ့သော်လည်း မလုပ်ဖြစ်ခဲ့ဘူးလို့ ဉာဏ်လင်းအောင်က ပြောပါတယ်။
“သရုပ်ဆောင်လုပ်ဖို့အတွက် ကမ်းလှမ်းတာတွေ မလုပ်ဖြစ်တာဘူး။ ဝါသနာ မပါတာ မဟုတ်ဘူး။ ကျနော် မပိုင်နိုင်တဲ့ အလုပ်ကို မချပြချင်ဘူး။ သည်းခံပြီး ကြည့်ပါတို့ ဘာတို့ မပြောချင်ဘူး။ သီချင်းဆိုတာပဲ ဝါသနာပါလို့ပါ” လို့ ဉာဏ်လင်းအောင်က ပြောပါတယ်။
သီချင်းခွေ မထွက်တဲ့အတွက် ပရိသတ်နဲ့ အဆက်ပြတ်မှာ မစိုးရိမ်ဘူးလားလို့ မေးကြည့်တဲ့အခါမှာ ဉာဏ်လင်းအောင်က အခုလိုပဲ ဆိုပါတယ်။
“တွေးတယ်လို့မတွေးပါဘူး။ အကောင်းဆုံးလုပ်နေတယ်လို့ပဲတွေးပါတယ်။ IC က ဘဲကြီးတွေဆို ဘယ်လိုလုပ်မလဲ။ သူတို့လည်း လုပ်နေကြတာပဲ။ ဟသွားတယ်ဆိုတာ မရှိဘူး။ အဓိကကတော့ အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ပဲ လိုတာပါ”လို့ ဉာဏ်လင်းအောင်က ပြောပါတယ်။
ဉာဏ်လင်းအောင်ရဲ့ သီချင်း ၆ ပုဒ်ပါတဲ့ “တွန်းအား”လို့ အမည်ပေးထားတဲ့ သီချင်းခွေကိုတော့ ဇူလိုင်လ ၂၂ ရက် နေ့၊ လှည်းတန်းစင်တာမှာ ပရိုမိုးရှင်းအစီအစဉ်များပြုလုပ်ကာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
The post “ပရိသတ်နဲ့ ထပ်တူကျတဲ့ သီချင်းတွေ ရှားလာတယ်” appeared first on ဧရာဝတီ.