မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ် ဇာတ်ကားဖြစ်တဲ့အတွက် တချို့လိုအပ်နေတဲ့ အချက်အလက်တွေကို ဖြည့်ပြီးကြည့်ပေးပါလို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။
“ကျနော့် ဇာတ်ကားဟာ စိတ်ကူးယဉ်ဇာတ်ကားဖြစ်ပါတယ်။ တချို့ အချက်လေးတွေက လိုအပ်ချက်လေးတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဖြည့်ကြည့်ပေးပါလို့။ ဒီတိုင်းကြီးတချို့ဟာတွေက အပြင်အတိုင်းရိုက်လို့မရလို့ပါ။ ဒီထဲမှာ ပါတဲ့တွေက သုံးပုံနှစ်ပုံ မှန်ကန်တဲ့ အချက်တွေရှိတယ်။ သို့သော်ငြားလည်း အချက်အလက်တွေကို နည်းနည်းလေး လွှဲလိုက်ရတယ်ဆိုတာ ဆင်ဆာက ခွင့်မပြုဘူး။ အဲဒါကြောင့် တချို့အချက်တွေကို လွှဲလိုက်ရတာရှိပါတယ်” လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။
အဆိုပါ “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောက်လမ်းပညာများ သုံးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်ပြီး သရုပ်ဆောင်များအဖြစ် အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေးဖွေး၊ ရတနာဗိုတို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒီကားထဲမှာ အဓိကဇာတ်ဆောင်အဖြစ် အလင်းရောင်ကို ရွေးချယ်ဖြစ်တာနဲ့ ပတ်သက်ပြီး ဒါရိုက်တာဝိုင်းက အခုလိုဆိုပါတယ်။
“အလင်းရောင်ကို ရွေးချယ်ဖြစ်ရတဲ့အကြောင်းအရင်းကတော့ ကိုယ်မြေတောင် မြှောက်ပေးနေတဲ့ ကလေး တယောက်ကို ဆုံးခန်းတိုင်အောင် လုပ်ပေးရမယ်။ သူအောင်မြင်သွားခဲ့ပြီးရင် ကျနော့်တာဝန် ကျေပြီပေါ့။ သူက အခု လမ်းခုလတ်မှာ ဖြစ်နေသေးတယ်။ အဲဒီအတွက် အောင်မြင်မှုဆိုတဲ့ဟာကိုရအောင် ကျနော့်အနေနဲ့ သူ့ကို ရွေးရခြင်းဖြစ်တယ်” လို့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။
“ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မရိုက်ခင်အချိန်အတွင်းမှာ အဓိက ဇာတ်ဆောင် ဖြစ်တဲ့ အလင်းရောင်ကို သေချာပြင်ဆင် လေ့ကျင့်ပေးခဲ့ပြီး ၂ လခန့် အချိန်ယူပြင်ဆင်ခဲ့တာကြောင့်လည်း အားရတဲ့ဇာတ်ကားတကား ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီကားက ကြိုတင်ပြင်ဆင်မှုအားကောင်းတယ်။ မရိုက်ခင် ၂ လ လောက်ကတည်းက သေချာပြင်ဆင်ထားတယ်။ ပြီးတော့ အဓိက ဇာတ်ကောင်ပေါ့နော်။ သူညံ့ရင် တကားလုံးသွားမှာ ဖြစ်လို့ အလင်းရောင်ကို ကောင်းကောင်း မောင်းထားနိုင်တာ ဖြစ်တဲ့အတွက် ကျနော်အနေနဲ့ အားရတဲ့ကားလေးတကားပါ” လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။
“ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ရုပ်ရှင်ကားကိုတော့ ဇူလိုင်လ ၂၂ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲ ပြသခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ မြန်မာတနိုင်ငံလုံးက ရုပ်ရှင်ရုံကြီးများမှာ တပြိုင်နက် ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။
The post “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်မှာ လိုအပ်ချက်တွေကို ဖြည့်ကြည့်ပေးဖို့ ဒါရိုက်တာ ဝိုင်း ပြော appeared first on ဧရာဝတီ.