ဒီတခါမှာတော့ IMDB rating (6.2) ရရှိထားတဲ့ ဘောလိဝုဒ် ဇာတ်လမ်းတို ၄ ကား စုစည်းထားတဲ့ ဒရာမာ ဇာတ်လမ်းကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားကိုတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Bombay talkies ဆိုတဲ့ Short Film ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ၄ ဦးဖြစ်တဲ့ Karan Johnar, Anurag Kasyap, Zoya Akhtar နဲ့ Dibakar Banerjee တို့က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ အမျိုးသမီးတွေရဲ့ဆန္ဒနဲ့ပတ်သက်ပြီး အခြေခံ ရိုက်ကူးထားတာဖြစ်တာကြောင့် နာမည်ကြီး မင်းသမီးတွေဖြစ်တဲ့ Radhika Apte, Bhumi Pednekar, Manisha Koirala နဲ့ Kiara Advani တို့က ပါဝင်သရုပ်ဆောင်ထား ကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကိုတော့ Netflix ကနေဖြန့်ချိထားတာဖြစ်ပြီး အိန္ဒိယရဲ့ခေတ်သစ် ချစ်ခြင်းမေတ္တာ၊ လိင်မှုကိစ္စ စတာတွေကို အမျိုးသမီးတွေဘက်ကနေ အသားပေးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတို တခုချင်းစီမှာ ပေးချင်တဲ့ ခံစားမှုအပိုင်းတွေက မတူညီတာကြောင့် ဇာတ်လမ်းသဘောကို ပြောပြဖို့တော့ ခက်ပါတယ်။
ရုပ်ရှင်သဘောအရ တချို့သော စကားအသုံးအနှုန်းတွေ၊ ဇာတ်လမ်းပြကွက်တွေက အနည်းငယ် ကြမ်းတမ်းတာမျိုးတွေ ပါဝင်တာကိုတော့ ကြိုတင်အသိပေးလိုပါတယ်။
အိန္ဒိယနိုင်ငံဟာ အမျိုးသမီးတွေနဲ့ ပတ်သက်ရင် အနည်းငယ် အယူသီး တင်းကျပ်တဲ့ နိုင်ငံတခုဖြစ်တာကြောင့် အမျိုးသမီးတွေရဲ့ ဆန္ဒနဲ့ ပတ်သက်ရင် လျစ်လျှူရှုထားသလိုတွေ ရှိနေပါတယ်။ ဒါကိုပဲ ပညာသားပါပါနဲ့ ဆွဲဆောင်မှုရှိရှိ ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခုမှာဆိုရင် ယောက္ခမဖြစ်သူက ချွေးမဖြစ်သူကို ကလေးနှစ်ယောက် ရအောင်မွေး ပြီးရင်တော့ မိန်းမတယောက်ရဲ့ တာဝန်ဟာ ဒီမှာတင်ပဲ အဆုံးသတ်ပြီဆိုတဲ့ အတွေးအခေါ် မျိုးတွေကို အမျိုးသမီး အချင်းချင်းကပဲ ရိုက်သွင်းထားတာမျိုးတွေကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
“အမျိုးသမီးတယောက်ရဲ့ဆန္ဒက ကလေးရရုံ သက်သက်ပဲ မဟုတ်ပါဘူး” ဆိုတာမျိုးနဲ့ Love and Sex ကို အလှပဆုံး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်တာကြောင့် ဘောလိဝုဒ် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။
The post လိုအင်ဆန္ဒများရဲ့အလွန် (သို့မဟုတ်) “Lust Stories” (2018) appeared first on ဧရာဝတီ.