Myanmar Idol Season 3 ပြိုင်ပွဲရဲ့ Top ထိပါဝင်လာခဲ့တဲ့ ဇော်ကြီးကတော့ ပြီးခဲ့တဲ့အပတ် Hits Song သီဆိုယှဉ်ပြိုင်မှုမှာ ပြိုင်ပွဲမှ ထွက်သွားခဲ့ရတာနဲ့ ပတ်သက်ပြီး Voting စနစ်ကြောင့် ထွက်သွားရတဲ့အတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။
“စိတ်မကောင်းမဖြစ်ဘူးပေါ့နော်။ အကောင်းဆုံးမလုပ်လိုက်နိုင်လို့ ထွက်သွားရတယ်လို့ ရင်ထဲမှာမဖြစ်ဘဲနဲ့ Voting စနစ်ကြောင့်ထွက်သွားရတဲ့အတွက် ကျေနပ်တယ်” လို့ဇော်ကြီးက ပြောပါတယ်။
ဇော်ကြီး ပြိုင်ပွဲမှ ထွက်သွားရတဲ့အတွက် စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်များကလည်း အများအပြားရှိနေကြပြီး Voting စနစ်ကိုဝေဖန်မှုများလည်း ရှိနေကြတဲ့အပေါ် အခုလိုပြောထားပါတယ်။
“တချို့တွေကျတော့လည်း ဒီ Voting စနစ်ကို ဝေဖန်ကြတယ်။ ဘာပဲပြောပြော တယောက်စီတယောက်စီတိုင်းမှာ ဝေဖန်ပိုင်ခွင့်ရှိတယ်။ ကျနော်လည်းဝေဖန်ပိုင်ခွင့်ရှိတာဆိုတော့ လွတ်လပ်စွာ ဝေဖန်လို့ရပါတယ်” လို့ ဇော်ကြီးက ပြောပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးဟာ သူ့အတွက် ပထမအကြိမ်ယှဉ်ပြိုင်မှုဖြစ်ပြီး မအူပင်က လာရောက် ရတာဖြစ်တဲ့အတွက် သူ့အတွက် အခက်အခဲများစွာလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒီပွဲကတော့ ပထမဆုံးပြိုင်ပွဲပါ။ နယ်ကနေပြီးတော့ အသွားအပြန်လုပ်ရတာဆိုတော့ အချိန်တွေဘာတွေ အခက်အခဲရှိတယ်ပေါ့နော်။ အချိန်အခက်အခဲကလည်း နောက်ပြီး လိုအပ်ချက်တွေအများကြီးရှိနေလို့ ကြိုးစားရတာလည်းအခက်အခဲရှိပါတယ်” လို့ ဇော်ကြီးက ပြောပါတယ်။
ဇော်ကြီးကတော့ Myanmar Idol Season 3 ပြိုင်ပွဲရဲ့ Top 11 မှာ ပါဝင်လာခဲ့ပြီး Rock တေးသီချင်းများ သီဆိုယှဉ်ပြိုင်ရတဲ့ အပတ်မှာတော့ Voting နည်းခဲ့တာကြောင့် ပြိုင်ပွဲမှထွက်သွားခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ Season တခုမှာတခါသာ သုံးခွင့်ရတဲ့ Pantene Wild Card နဲ့ နောက်တခေါက် ပြန်လည် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီးနောက်မှာတော့ Top 3 ထိပါဝင်ခဲ့ပြီး Hit Songs သီဆိုယှဉ်ပြိုင်မှုမှာ ပြိုင်ပွဲမှ ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဇော်ကြီးက ဒီပြိုင်ပွဲမှာ ပရိသတ်အားပေးအများအပြားရရှိခဲ့သူ တဦးလည်းဖြစ်ခဲ့ပါတယ်။
The post “Voting စနစ်ကြောင့် ထွက်သွားရတဲ့အတွက် ကျေနပ်တယ်” လို့ဆိုလိုက်တဲ့ ဇော်ကြီး appeared first on ဧရာဝတီ.