သီချင်းအဆိုကောင်းရုံသာမက သီချင်းရေးသားတဲ့နေရာမှာလည်း ပရိသတ်များသဘောကျခြင်းခံရတဲ့ တေးရေးတေးဆို ဝေလက တကိုယ်တော်ဖျော်ဖြေပွဲကိုလာမယ့် စက်တင်ဘာလမှကျင်းပပြုလုပ်တော့မယ်လို့ ဆိုပါတယ်။
“ဒီလထဲမှာ နီနီခင်ဇော်နဲ့ လန်ဒန်မှာရှိုးတပွဲရှိတယ်။ စက်တင်ဘာလထဲမှာ ကျနော့် One Man Showလုပ်မယ်။ တပွဲလုံး ကိုဓီရာမိုရ်ရဲ့အော်ဂတ်စထရာအဖွဲ့နဲ့ တီးပါမယ်။ သီချင်းအပုဒ်၂၀ကျော်ဆိုပါမယ်။ ကျနော်အကောင်းဆုံးဖြစ်အောင် တော့လုပ်နေပါတယ်”
“စင်ပေါ်မှာ သိပ်မဆိုဖြစ်တဲ့သီချင်းတွေလည်း ဆိုမယ်။ ဘာသီချင်းတွေပါမလဲ မပြောတတ်သေးဘူး။ နေရာကတော့ အမျိုးသားကဇာတ်ရုံမှာ စက်တင်ဘာ၂၉ရက်လုပ်မှာပါ။ လက်မှတ်ဈေးကတော့ ကိုအီကြာကွေးနဲ့ တိုင်ပင်နေတုန်းပါ။ အဲ့တာတွေ ဘာမှမလုပ်ရသေးဘူး။ ဒီပွဲအတွက်သီချင်းရေးပြီးတော့ဘယ် Arrangeလုပ်ရမလဲ ဆိုတာကို လုပ်နေပါတယ်။ ပွဲကလည်း ကြားထဲမှာ ဒီလတလကျန်သေးတယ်။ လုပ်စရာရှိတာတွေတော့ လုပ်နေပါတယ်” လို့ ဝေလက ပြောပါတယ်။
အဆိုတော်ဝေလကသူရဲ့ ပွဲခေါင်းစဉ်ကို “Live in 360 with Orchestral” လို့ နာမည်ပေးထားကြောင်းသိရပါတယ်။
တေးရေးတေးဆိုဝေလဟာ ကိုယ်တိုင်ဖန်တီးရေးဖွဲ့သီဆိုထားတဲ့ တေးစီးရီးအယ်လ်ဘမ်များဖြစ်တဲ့ “၁၉၈၂” ၊ “မိတ်ကပ်မကြိုက်သောသီချင်းများ”၊ “အဓိပတိဖွား” ၊ “ ခုတင်နံပါတ်၁၈” ၊”အတုများတဲ့မြို့” ဆိုတဲ့ တေးစီးရီးများ ကိုလည်း ထွက်ရှိထားပါတယ်။
The post “တကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့်” အဆိုတော်ဝေလ appeared first on ဧရာဝတီ.