ပျားရည်ကို ကြိုက်နှစ်သက်တဲ့ ဝက်ဝံလေး “Winnie the Pooh” ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်တဲ့ Christopher Robin ကို ပြသနိုင်ဖို့ Walt Disney ရဲ့တောင်းဆိုချက်ကို တရုတ်အာဏာပိုင်တွေက ငြင်းပယ်လိုက်ကြောင်း အဲ့ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က သြဂုတ်လ ၇ ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။ ဘာကြောင့် တရုတ်အစိုးရက အဲ့ဒီရုပ်ရှင်ကို တင်သွင်းပြသခွင့် ငြင်းပယ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရုပ်ရှင်ကို ငြင်းပယ်လိုက်တဲ့အချိန်မှာ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကို ဟောလိဝုဒ် စတူဒီယို Disney ကို တရုတ်အာဏာပိုင်တွေက မပေးခဲ့ဘူးလို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
ပေကျင်းမြို့မှာရှိတဲ့ အစိုးရကတော့ တချို့ဆန့်ကျင်သူတွေက Winnie the Pooh ဆိုတဲ့ ဝက်ဝံလေးရဲ့ ပုံစံဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ တူနေလို့ သဘောကျနေပြီး ဆန့်ကျင်မှု သင်္ကေတအဖြစ် အဲ့ဒီ Pooh ကာတွန်း ဇာတ်ကောင်လေးကို အသုံးပြုခဲ့ကြပြီးနောက် အွန်လိုင်းပေါ်က အဲဒီဇာတ်ကောင်ရဲ့ ဓာတ်ပုံတွေကို ဆင်ဆာဖြတ်တောက်ခဲ့ကြပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ တနှစ်ကို နိုင်ငံခြားက ထုတ်လုပ်တဲ့ ရုပ်ရှင် ၃၄ ကားလောက်ကို နိုင်ငံတွင်း တင်သွင်းပြခွင့် ကန့်သတ်လေ့ ရှိပါတယ်။ အခုနှစ်အတွင်းမှာပဲ တရုတ်နိုင်ငံမှာ ပြသခဲ့တဲ့ Disney ရုပ်ရှင်လေးကားထဲက နှစ်ကားဖြစ်တဲ့ “Avengers: Infinity War” နဲ့ “Black Panther” တို့လိုမျိုး ရုံဝင်ငွေ တော်တော်လေးရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ကမ္ဘာတဝန်းကို ဖြန့်ချိခဲ့တဲ့ Disney ရဲ့ “A Wrinkle In Time” ရုပ်ရှင်ကိုတော့ တရုတ်နိုင်ငံမှာ ဖြန့်ချိခဲ့တာ မရှိပါဘူး။
“Christopher Robin” ရုပ်ရှင်မှာတော့ ရော်ဘင်ဆိုတဲ့ သူရဲကောင်းလေးဟာ ငယ်ငယ်တုန်းက သူငယ်ချင်း ဖြစ်တဲ့ “Friend Winnie the Pooh” နဲ့ မြည်းလေး Eeyore၊ ဝက်ပေါက်လေး တို့နဲ့ ပြန်ဆုံကြပုံကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီဇာတ်ကောင်တွေအားလုံးကို အင်္ဂလိပ် စာရေးဆရာ A.A. Milne က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာ ထုတ်လွှင့်ခဲ့တဲ့ Last Week Tonight အစီအစဉ်မှာ တင်ဆက်သူ John Oliver က တရုတ်နိုင်ငံရဲ့ တင်းကြပ်တဲ့ ဆင်ဆာဖြတ်တောက်မှုနဲ့ ယှဉ်ပြိုင်ဖက်များအပေါ် သမ္မတရဲ့ အကဲဆတ်မှုကို ဟာသလုပ်ခဲ့တဲ့ အတွက် HBO ရုပ်သံလိုင်းကို နိုင်ငံတွင်းမှာ ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက သမ္မတရှီနဲ့ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားတို့ရဲ့ ဓာတ်ပုံကိုလည်း Pooh ဝက်ဝံလေးနဲ့ သူ့သူငယ်ချင်း Tigger တို့ရဲ့ ဓာတ်ပုံနဲ့ နှိုင်းယှဉ် ဖော်ပြခဲ့ကြပါသေးတယ်။
Ref:asiaone
The post တရုတ်သမ္မတ ရှီကျင့်ဖျင်ကို Pooh နဲ့တူလို့ “Pooh ရုပ်ရှင်” ပြသခွင့် တရုတ် ငြင်းပယ် appeared first on ဧရာဝတီ.