၈၈၈၈ (ရှစ်လေးလုံး) အရေးအခင်းဟာ ပြည်သူအားလုံးအတွက် ဝမ်းနည်းစရာ စိတ်မကောင်းစရာ အဖြစ်အပျက် တခုပါ။ ယနေ့၊ သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၈၈၈၈ အရေးအခင်း နှစ် ၃၀ ပြည့်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် နေတိုးဟာ တချိန်တုန်းက ဓာတ်ပုံတွေ ကြည့်ပြီး ဝမ်းနည်း ကြေကွဲမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ၈၈ မှီ လိုက်တယ်။ ကျနော်တို့ ရခိုင်မှာ ရှိနေတဲ့အချိန် အရှင်းဆုံးပြောရရင် အရမ်းကိုမှ မမေ့နိုင်တဲ့ အရေးအခင်းတခုလည်း ဖြစ်တယ်ဆိုတော့ လက်ရှိချိန်မှာလည်း တချိန်တုန်းက ဖြစ်ခဲ့တဲ့ ပုံတွေ ပြန်ပြီး တွေ့ရသလို စိတ်ထဲမှာလည်း ပြန်ပေါ်လာတယ်။ အနုပညာရှင်တွေလည်း ၈၈ ကို ဆင်နွှဲခဲ့ကြတယ်။ ပါဝင်ခဲ့ကြတဲ့ ဓာတ်ပုံတွေလည်းတွေ့တော့ စိတ်ထဲမှာ ထိထိရောက်ကြီးကို ဝမ်းနည်းမှုတွေ စိတ်ခံစားမှုအနေနဲ့ ကြေကွဲမှုတွေလည်း ရှိပါတယ်” လို့ နေတိုးက ဧရာဝတီကို ပြောပါတယ်။
“ဘာလို့လဲဆို ဒီလိုမျိုး အဖြစ်အပျက်က ရှိချင်ခဲ့တာလည်း မဟုတ်ဘူး။ ဒီလိုမျိုး လောဘကြောင့် ဖြစ်တဲ့ အကြောင်းအရာတွေကို ဒီလို ပူဆွေးမှုတွေ ဒီလိုမျိုး ပဋိပက္ခတွေကို အမြန်ဆုံး နောက်ထပ်၊ နောက်ထပ် ဒီလိုမျိုး အဖြစ်မျိုးတွေ မရှိဖို့ကိုပဲ စိတ်ထဲမှာ ဆုတောင်းနေမိတယ်ပေါ့” လို့ နေတိုးက ပြောပါတယ်။
ဆက်လက်ပြီး “ဒီလိုမျိုးအဖြစ်ပျက်မျိုးတွေ ထပ်ဖြစ်မယ်ဆိုလို့ရှိရင် ဘယ်လိုမှ တွေးကြည့်လို့တောင် မရတဲ့ စိတ်ခံစားချက် ဖြစ်တယ်ပေါ့နော်။ ဒီလိုအဖြစ်ပျက်မျိုးတွေ ကိုယ့်နိုင်ငံမှ မဟုတ်ဘူး။ ကမ္ဘာကြီး တခုလုံးမှာလည်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ်။ ဒီအဖြစ်အပျက်တခုကို ပြန်စဉ်းစားတိုင်း စိတ်ထဲမှာ မကောင်းဘူး ဖြစ်မိပါတယ်”လို့ နေတိုးက ဆိုပါတယ်။
ထပ်ဆင့် အကယ်ဒမီ မင်းသား နေတိုးဟာ လက်ရှိမှာတော့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေပြီး မကြာခင်မှာ နတ်ကတော်ဇာတ်ရုပ်ကို အခြေခံတဲ့ “အထက်တန်းစား” ဆိုတဲ့ ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
The post “၈၈ လို အဖြစ်မျိုး နောက်ထပ် မရှိဖို့ ဆုတောင်းနေမိတယ်” appeared first on ဧရာဝတီ.