Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲအတွက် Finalist ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့နှစ်ဦးဟာ ယနေ့ည၊ သြဂုတ်လ ၁၁ ရက်နေ့ ညမှာ Myanmar Idol Final ညကို ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ချမ်းမြေ့မောင်ချိုဟာ ပြိုင်ပွဲ မတိုင်ခင် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတက်နေရတဲ့အပေါ် အနုပညာရှင်များရဲ့ အားပေး စကားသံများ စုစည်းဖော်ပြ လိုက်ပါတယ်။
ဥက္ကာဦးသာ (Myanmar Idol Vocal Coach)
ကျနော်တို့က ခရီးရှည်ကြီးတခုကို ဖြတ်သန်းနေရတဲ့ မိသားစုတွေလိုပါပဲ။ အားလုံးက ချစ်ကြ ခင်ကြပါတယ်။ တယောက်နဲ့ တယောက် ဒီမှာ သာတူညီမျှနေကြရပါတယ်။ ဖြိုးမြတ်အောင် အပေါ်မှာလည်း ကျနော်တို့ သူ့အတွက် အားနည်းချက်၊ အားသာချက်တွေပေါ်မှာ ပြိုင်ပွဲတိုင်းအတွက် အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်ပေးလျက် ရှိပါတယ်။ ချမ်းမြေ့မောင်ချိုပေါ်မှာလည်း သူက ဒီပြိုင်ပွဲမှာ အသက်ငယ်တယ်။ အသက်ငယ်တဲ့အပေါ်မှာ သူမသိသေး၊ နားမလည်သေးတာတွေကို ပိုပြီးသိသာ နားလည်အောင်၊ ပြောတတ်၊ ဆိုတတ်တွေဖြစ်လာအောင် သင်ကြားပေးပါတယ်။
နှစ်ယောက်လုံးကတော့ Top Finalist တွေဖြစ်နေပြီ။ တယောက်နဲ့တယောက် ယှဉ်ပြိုင်တာ မဟုတ်ဘဲ သူတို့ရည်မှန်းချက်တွေကို နှစ်ယောက်လုံး အတူတူသွားနေကြတဲ့ သူတွေဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကလည်း အဆင်သင့်ဖြစ်နေပါပြီ။ အကောင်းဆုံးကြိုးစားပြင်ဆင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။ ကျန်းမာရေး ချို့တဲ့သွားတဲ့ ချမ်းမြေ့မောင်ချိုကတော့ လောလောဆယ် ပြင်ဆင်မှုအတွက်ကို နောက်တလှမ်းတော့ လျော့နေတာပေါ့နော်။ သူ့အတွက်လည်း အားမွေးပြီးတော့ အင်အားရှိသလောက်ကို ဖျော်ဖြေနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။
အဆိုတော် သီရိကိုကို
ကျမက အနုပညာရှင်တယောက်ဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ်သတ်ပြီး လုပ်နေတဲ့ ကလေးတွေ အကုန်လုံးကို အားပေးပါတယ်။အကုန်လုံးကိုလည်း ကြိုဆိုပါတယ်။ Personal အရဆိုရင် ကျမနဲ့ မအိနဲ့က ညီမတွေလို ဖြစ်နေကြတော့ သူ့သမီးဆိုတာလည်း ကိုယ့်သမီးလေးလိုပဲပေါ့။ သူကောင်းသည်ဖြစ်စေ၊ သူဆိုးသည်ဖြစ်စေ မိသားစုသဘောအရဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် မောင်ချိုလေးကို အားပေးပါတယ်။ အနုပညာလုပ်လုပ်ရင်တော့လေ ချစ်တဲ့သူလည်း ရှိတယ်။မုန်းတဲ့ သူလည်းရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်တဲ့သူလည်း ပြုံးပြရမယ်။ မုန်းတဲ့သူကိုလည်း ပြုံးပြရမယ်။ ဝေဖန်မှုတွေကို အင်အားလို့ သဘောထားပြီး လုပ်စရာရှိတာ လုပ်ပြီး ကြိုးစားပါလို့ ပြောချင်တယ်။
အဆိုတော် မီမီဝင်းဖေ
ပြိုင်ပွဲဝင် ကလေးနှစ်ယောက်လုံးရော အဲ့ဒီကလေးနှစ်ယောက်လုံးရဲ့ ပရိသတ်တွေရော အေးအေးချမ်းချမ်း ရှိကြပါစေလို့ ပြောချင်တယ်။ Winner ရတဲ့သူ ရှိသလို Winner မရတဲ့ သူလည်း ရှိမယ်။ အားပေးတဲ့သူဘက်မှာလည်း ပျော်သွားတဲ့သူရှိသလို ကိုယ့်လူ မရလို့ ဝမ်းနည်းသွားမယ့် သူလည်းရှိမယ်။ အားလုံး အေးအေးချမ်းချမ်းပဲ ရှိစေချင်ပါတယ်။ ကိုယ်တိုင်လည်း အဆိုတော်ပြိုင်ပွဲက လာတော့ ပြိုင်ပွဲဝင်လာတဲ့ ကလေးတွေကို ကိုယ်ချင်းစာနာစိတ်ရှိပါတယ်။ မမီတို့ကတော့ အားလုံးကို အားပေးမှာပါ။
အဆိုတော် ချောစုခင်
ကလေးတွေကို သနားတယ်။ ကျမကတော့ ဘယ်သူ့ကို အားပေးတယ်ရယ်လို့တော့ မဟုတ်ဘူး။ ဒီနှစ်ကို တင်ဇာမော်ရှိတဲ့အတွက် သွားပြီးတော့ Entertainment အနေနဲ့ ဘယ်သူ့ကို အားပေးပါတယ် လို့လည်း မပြောချင်ဘူး။ ဒါပေမယ့် နာနာကျင်ကျင် ခံစားချက်မျိုး ဖြစ်သွားရမှာ မျိုးတော့ မဖြစ်စေချင်ဘူး။ ကိုယ်လည်း အနုပညာကို ချစ်တဲ့သူဖြစ်တဲ့ အတွက် အဲ့ကလေးလေးတွေကို မနာကျင်စေချင်တာပါ။
အဆိုတော် ကော်နီ
ကိုယ်ချစ်တဲ့အရာ၊ ကိုယ်ကြိုက်တဲ့အရာတွေကို လိုက်ကြိုက်လို့မှ မရကြတာ။ အကြိုက်ချင်းတူ ရန်သူတွေ ဖြစ်ကုန်မှာပေါ့။ မကော်ဆိုလည်း ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူလည်း ရှိမှာပဲ။ ဒီလိုပါပဲ ပရိသတ်တွေကလည်း ချစ်ချင်တဲ့သူချစ်ပါစေ။ ဒိုင်တွေကလည်း ပြောဖို့အတွက် ထားထားတာ ဆိုတော့ ပြောမှာပဲလေ။ ကလေးတွေကို သွားထိခိုက်ရတယ်။ ကလေးတွေ ဘဝကို ထိခိုက်ရတယ်။ အစထွက်မယ့် ကလေးတွေကို အညွှန့်ချိုးလိုက်သလို ဖြစ်သွားတယ်။ စိတ်မကောင်းဘူး။ တယောက်ကလည်း ဆေးရုံတက်နေရတယ်။ အဲ့ကလေးကလည်း သိတယ်။ ငယ်ငယ်တည်းက ကျန်းမာရေး မကောင်းဘူး။ ငယ်လည်းငယ်တော့ stress တွေကို ခံနိုင်ရည်မရှိတော့ စိတ်မကောင်းဘူး။
The post ချမ်းမြေ့မောင်ချို ဆေးရုံတက်နေရတဲ့အပေါ် အနုပညာရှင်များရဲ့ အားပေးစကားသံ appeared first on ဧရာဝတီ.