Myanmar Idol Season 3 ရဲ့ Winner တယောက်ဖြစ်သွားပြီဖြစ်တဲ့ ဖြိုးမြတ်အောင်ကို ဒိုင်တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်က မနေ့ညဩဂုတ်လ ၁၁ရက်နေ့မှာ ပြုလုပ်တဲ့ Grand Final ပွဲကြီးမှာ ပြောနေကျအတိုင်း သုံးသပ်စကားပြောတဲ့အချိန်မှာတော့ ထူးခြားစွာနဲ့ ဂီတအတွက် မူးယစ်ဆေးဝါးနဲ့အရက်သေစာကို မလုပ်ဖို့မှာကြားခဲ့ပါတယ်။
“အန်ကယ်မှာချင်တာကတော့ မူးယစ်ဆေးဝါးတို့ အရက်သေစာတို့ကို ဂီတအတွက် ဘာမှသွားမလုပ်နဲ့။ သူတို့က ဂီတနဲ့ပတ်သက်လို့ ဘာမှအထောက်အကူမဖြစ်၊ အားမပေးဘူး။ အန်ကယ်သိသလောက်တော့ အခုလည်းမင်းက လုပ်မနေပါဘူး” လို့မြန်မာပြည်သိန်းတန်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ဂီတကိုသီဆိုတဲ့အခါမှာ မိမိရဲ့ကိုယ်ခန္ဓာအတွင်းနဂိုအားက တန်ဖိုးအကြီးဆုံးဖြစ်ပြီး တခြားဟာများမှာ ဘာမှယုံကြည်စရာမရှိဘူးလို့ပြောခဲ့ပါတယ်။ Myanmar Idol Season 3 ပြိုင်ပွဲဝင်များထဲမှ မြန်မာပြည်သိန်းတန်ပေးခဲ့တဲ့ မှတ်ချက်များထဲမှာတော့ ဖြိုးမြတ်အောင်အတွက် မှတ်ချက်များက ပြိုင်ပွဲစဉ်တလျှောက်လုံးမှာ အကောင်းဘက်ကိုသာ ဦးတည်လျက်ရှိတာကို ကြားသိခဲ့ရတာ ဖြစ်ပါတယ်။

မနေ့ညကပြုလုပ်ခဲ့တဲ့ Grand Final ပွဲရဲ့ ဖျော်ဖြေမှုအစီအစဉ်များထဲက တခုအပါအဝင်ဖြစ်တဲ့ ဒိုင်များရဲ့ သီဆိုဖျော်ဖြေမှုမှာလည်း ဦးသိန်းတန်အနေနဲ့ သူကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “အန်ကယ်ကတော့ Yes ပါ”သီချင်းထဲမှာလည်း ဖြိုးမြတ်အောင်အတွက် သီချင်းစာသားများပါဝင်ခဲ့ပါသေးတယ်။
မြန်မာပြည်သိန်းတန်ကတော့ Myanmar Idol Season ၃ခုလုံးမှာ ဒိုင်အဖြစ်ပါဝင်လာခဲ့ပြီး ပရိသတ်အများ စိတ်ဝင်စားခြင်းအခံရဆုံးသူတယောက်ဖြစ်ကာ သူ့ထံမှ ကောင်းမွန်တဲ့မှတ်ချက်ရရှိဖို့ မလွယ်ကူခဲ့သော်လည်း ယခုနှစ် Winner ဆုရှင်ဖြိုးမြတ်အောင်ကတော့ ရရှိခဲ့ပါတယ်။
The post ဖြိုးမြတ်အောင်ကို “မူးယစ်ဆေးဝါးနဲ့ အရက်သေစာ မလုပ်ရန်” မြန်မာပြည်သိန်းတန်ဆိုခဲ့ appeared first on ဧရာဝတီ.