ဟောင်ကောင် သတင်းမီဒီယာတခုရဲ့ အဆိုအရ တရုတ်နိုင်ငံရဲ့ အနုပညာကြေးအမြင့်ဆုံး မင်းသမီး ဖန်ဘင်းဘင်းကို အခွန်ရှောင်မှု စွဲချက်တွေကြောင့် ၃ နှစ်ကြာ သရုပ်ဆောင်လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပေမယ့် အဲဒီသတင်း ဟုတ်၊ မဟုတ်ကိုတော့ အခုလက်ရှိအထိတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
Apple Daily သတင်းရဲ့ အဆိုအရ မင်းသမီးရဲ့ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာတွေမှာ ဝင်ရောက် ပြောဆိုခဲ့တာ မရှိခြင်းနဲ့ လူမြင်ကွင်းကနေ ပျောက်ကွယ်နေရတဲ့အကြောင်းကို သိချင်နေကြပါတယ်။
၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “I Am Not Madame Bovary” ရုပ်ရှင်နဲ့ “X-Men: Days of Future Past” ရုပ်ရှင်မှာ Blink အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး ဖန်ကို ပြီးခဲ့တဲ့ ဇူလိုင်လအစောပိုင်းက လူမြင်ကွင်းမှာ နောက်ဆုံးတွေ့ခဲ့ကြရပြီး သီတင်း ၃ ပတ်ကြာ Weibo အပါအဝင် သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ လှုပ်ရှားမှုလည်း လုပ်ခဲ့တာ မတွေ့ရပါဘူး။
မင်းသမီးဖန်ဟာ ရုပ်ရှင်တခုတည်းမှ စာချုပ်နှစ်ခုကနေ ဝင်ငွေရရှိခဲ့တယ်လို့ဆိုတဲ့ အချက်အလက်တွေကို တရုတ်ရုပ်သံ သတင်းကြေညာသူတဦးက ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ မေလကစလို့ သရုပ်ဆောင်တွေ နဲ့ အနုပညာကြေးနဲ့ အခွန်ရှောင်မှု ကောလာလဟတွေထဲမှာ ရောက်ရှိနေခဲ့တာပါ။
အဲဒီစာချုပ် နှစ်ခုထဲက တခုကိုတော့ အခွန်အာဏာပိုင်တွေထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပေမယ့် အဲဒီနောက် သီတင်းပတ် အနည်းငယ် အကြာမှာ တရုတ် တာဝန်ရှိသူတွေက အဲဒီစာချုပ်တွေကိစ္စကို စစ်ဆေးနေပြီလို့ ကြေညာခဲ့ပါတယ်။
သူ့ရဲ့ စီမံခန့်ခွဲရေးကုမ္ပဏီ Fan’s Workshop က အခုလိုမျိုး သရုပ်ဆောင်ခွင့် ပိတ်ပင်ခံရတယ်ဆိုတဲ့ သတင်းကို တစုံတရာ မှတ်ချက်ပေးပြောဆိုတာတော့ မရှိသေးပါဘူး။ မင်းသမီးကို နိုင်ငံတကာ ဈေးကွက်အတွက် ကိုယ်စားပြုတဲ့ CAA ကုမ္ပဏီကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။
အခြားသတင်းတခုရဲ့ အဆိုအရ မင်းသမီးရဲ့ နာမည်ကို မင်းသား Bruce Willis နဲ့ Adrien Brody တို့ပါဝင် သရုပ်ဆောင်ထားတဲ့ “Unbreakable Spirit” ရုပ်ရှင်ကနေ ဖယ်ရှားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီရုပ်ရှင်ကို တရုတ်နိုင်ငံမှာ အခုလထဲ ဖြန့်ချိမှာဖြစ်ပြီး နိုင်ငံတကာမှာတော့ လာမယ့် အောက်တိုဘာလမှာ ပြသတော့မှာ ဖြစ်ပါတယ်။
မင်းသမီးဟာ တရုတ်နိုင်ငံမှာ အပိတ်ခံရတာလား၊ နိုင်ငံရပ်ခြားမှာ အပိတ်ခံရတာလားဆိုတာကိုတော့ သတင်းတွေမှာ ဖော်ပြတာ မရှိပါဘူး။ မင်းသမီးဟာ အမျိုးသမီးတွေချည်းပါဝင်တဲ့ “355” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် “The King’s Daughter” ဆိုတဲ့ ထူးခြားဆန်းကြယ် စိတ်ကူးယဉ် ရုပ်ရှင်ကိုလည်း ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အတိတ်ကာလတုန်းကလည်း တရုတ်နိုင်ငံရဲ့ ဆင်ဆာအဖွဲ့ကနေ လက်မခံနိုင်တဲ့ နိုင်ငံရေး အယူအဆတွေကို ထည့်သွင်းရိုက်ကူး၊ သရုပ်ဆောင်ကြတဲ့ ဒါရိုက်တာ Zhang Yimou နဲ့ Jiang Wen တို့ကို အနုပညာလုပ်ကိုင်ခွင့် ပိတ်ပင်ခဲ့တဲ့ မှတ်တမ်းမျိုးလည်း ရှိထားပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အခွန်ရှောင် အရှုပ်တော်ပုံကြားမှာ ပျောက်ချင်းမလှ ပျောက်နေတဲ့ တရုတ်မင်းသမီး ဖန်ဘင်းဘင်း
Ref: variety
The post တရုတ်မင်းသမီး ဖန်ဘင်းဘင်း သရုပ်ဆောင် လုပ်ကိုင်ခွင့် ၃ နှစ် အပိတ်ခံရကြောင်း သတင်းထွက် appeared first on ဧရာဝတီ.