အဆိုတော် နီနီခင်ဇော်ရဲ့ အောင်မြင်တဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “Stand by Me” သီချင်း Acoustic Version Music Video အသစ်ကို သြဂုတ်လ ၁၃ ရက်နေ့က ပရိသတ်နဲ့ မိတ်ဆက်လိုက်ပါတယ်။
ဒီသီချင်းအမျိုးအစားနဲ့ ဖန်တီးမှုမှာတော့ LGBT (Lesbian, Gays, Bisexual, Transgender) တွေရဲ့ ချစ်ခြင်း မေတ္တာတွေကို ဖွဲ့ဆိုထားတဲ့ ပုံရိပ်တွေ ထည့်သွင်းထားတာ တွေ့ရပါတယ်။
“Stand by Me” သီချင်းထဲမှာတော့ သရုပ်ဆောင် အောင်မြင့်မြတ်နဲ့ အိမီမီကို၊ မိတ်ကပ် မေဦးနဲ့ ဟန်လင်း၊ မိတ်ကပ် မထက်နဲ့ စိုင်းတွမ်ခမ်၊ ယမင်းစုမော်နဲ့ သဲသဲ၊ ဖြိုးဖြိုးနဲ့ မျိုးဦး စတဲ့ ချစ်သူ စုံတွဲတွေက ပါဝင်သရုပ်ဆောင်ထားပြီး စောစန္ဒီနိုင်နဲ့ နီနီခင်ဇော် တို့ ပါဝင်ပါတယ်။ ဒီ Music Video ကိုတော့ အဖြူရောင်တွေ သုံးပြီး ဆန်းဆန်းပြားပြား ဖန်တီး ထားတာကိုလည်း တွေ့ရပါတယ်။
“Stand by Me” ရဲ့ Acoustic Version အသစ်ကို အွန်လိုင်းမှာ မိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာ ပရိသတ်တွေ အားပေးမှု ရရှိခဲ့တာ တွေ့ရပါတယ်။ သီချင်း အမျိုးအစားကတော့ R&B Music အမျိုးအစား ဖြစ်ပြီး Acoustic Version အနေနဲ့ ပြန်လည် ပြောင်းဆိုထားတာ ဖြစ်ပြီး လိင်တူချစ်သူတွေရဲ့ ချစ်ခြင်းမေတ္တာ၊ ဆန့်ကျင်ဘက်လိင်နဲ့ ချစ်ခြင်းမေတ္တာတွေကို ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
နီနီခင်ဇော်ကလည်း “အချစ်ဆိုတာ တယောက်နဲ့ တယောက် ချစ်နေဖို့သာ အရေးကြီးတာပါ။ စွန့်လွတ်ခြင်းပဲဖြစ်ဖြစ် တူတူရှိနေရခြင်းပဲ ဖြစ်ဖြစ် လူသားတဦးနဲ့ တဦး ချစ်ဖို့သာ အဓိက” ဆိုပြီး အဆိုပါ သီချင်းကို မတင်ခင်မှာ သူရဲ့ Facebook ပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။
နီနီခင်ဇော်ဟာ ဇွန်လ အတွင်းတုန်းကလည်း အချစ်သီချင်း အသစ်တပုဒ်ဖြစ်တဲ့ ”ချစ်လျှက်လမ်းခွဲ” ဆိုတဲ့ သီချင်း Music Video ကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။
အဆိုတော် နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ နီနီခင်ဇော်ရဲ့ “ချစ်လျှက်လမ်းခွဲ” သီချင်းကို Bella (မြတ်သီရိလွင်) နဲ့ LGBT ပုံစံ ရိုက်ကူး ပုံဖော်ဖူးပါတယ်။
The post အဖြူရောင်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖွဲ့ဆိုထားတဲ့ နီနီခင်ဇော်ရဲ့ “Stand by Me” appeared first on ဧရာဝတီ.