ဒရမ်မာဇာတ်ကားတွေကို အရိုက်များတဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က လက်ရှိမှာ အောင်မြင်နေတဲ့ နှင်းဆီအဖွဲ့ရဲ့ ပဲ့ကိုင်ရှင်တဦးလည်းဖြစ်ပါတယ်။ နှင်းဆီအငြိမ့်အဖွဲ့ကလည်း နာမည်ကြီးသရုပ်ဆောင်မင်းသားများနဲ့ ပရိသတ်ကို ဖျော်ဖြေတင်ဆက်လာခဲ့တာ အခုဆိုရင် ဖျော်ဖြေပွဲပေါင်းများစွာ တင်ဆက်ဖျော်ဖြေခဲ့ပြီး ဖြစ်ပါတယ်။
ရုပ်ရှင်ကားကြီးတွေ တကားဆိုတကား ပရိသတ်စိတ်ဝင်စားအောင် ဖန်တီးပုံဖော်ရိုက်ကူးတတ်တဲ့ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ကို နှင်းဆီအငြိမ့်အဖွဲ့အကြောင်း၊ လက်ရှိမြန်မာရုပ်ရှင်လောကအကြောင်းနဲ့ သူရဲ့ အမြင်များကို ဧရာဝတီသတင်းထောက် ချစ်ပိုးက အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ နှင်းဆီအဖွဲ့ ကပြဖို့ ဘယ်တော့လောက်ဖြစ်မလဲ။
ဖြေ။ ။ ဒီဇင်ဘာလောက်မှာ ကပြဖို့ရှိပါတယ်။ ကပြမယ့်နေရာကတော့ တော်ဝင်ဂါးဒင်းဟိုတယ်မှာပါပဲ။ ပြက်လုံးက
ပြက်စရာတွေ အများကြီးဖြစ်နေပြီ။ မျက်စိရှေ့မှာတင် ပြက်လုံးတွေကအများကြီးပဲ။ အဲ့အတွက် ပြင်ဆင်နေပြီ။
မေး။ ။ ဇာတ်ကားရိုက်ကူးနဲ့ ပတ်သက်ပြီး ဘာတွေရှိမလဲ။
ဖြေ။ ။ ဇာတ်ကား တကားရိုက်ဖို့ရှိတယ်။ ရုံတင်ဖို့ သုံးကားရှိတယ်။ ဇာတ်ကားတွေ အရမ်းများပြီး ရုပ်ရှင်ရုံကနည်းနေတဲ့ အတွက် အခြား Platform တခုရှာရမယ်။
မေး။ ။ ဗီဒီယိုဈေးကွက် နည်းလာပြီး ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွေနည်းလာတဲ့အပေါ် ဒါရိုက်တာ တယောက်အနေနဲ့ ဘယ်လိုမျိုးများမြင်မိသလဲ။
ဖြေ။ ။ ရုပ်ရှင်ကားတွေ များလာတာကောင်းတယ်။ ဒါပေမယ့် ရိုက်ပြီးတော့ ပြစရာနေရာမရှိတော့ ရုံသမားတွေရဲ့ စီမံကွပ်ကဲတာနဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအားမှာ ရောင်းလိုအား တအားများလာရင် ဝယ်တဲ့ သူကဈေးကိုင်မှာပဲလေ။ ရွေးချယ်ပြီး တင်တယ်ဆိုတော့ ဆရာကြီးဖြစ်နေမှာပဲ။ ဆရာကြီးဖြစ်နေတဲ့ အခြေအနေမျိုးမဖြစ်သင့်ဘူးပေါ့။
အဲ့လိုနောက်ထပ် Platform သစ်တခု ထွင်ကို ထွင်ရလိမ့်မယ်။ ဖောက်ကိုဖောက်ရလိမ့်မယ်။ တယောက်ယောက်ကို မှီခိုအားကိုးနေရတာမျိုး မဖြစ်ချင်ဘူး။ ရုံပိုင်ရှင်ကို အားကိုးနေရတမျိုး လွတ်ကင်းချင်တယ်။
မေး။ ။ လက်ရှိမှ ပြသနေတဲ့ ဇာတ်လမ်းတွဲတွေ များလာတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကောင်းတာပေါ့။ အနုပညာသည်တွေ၊ ပညာရှင်တွေ အများကြီးအလုပ်ရတာပေါ့။ အဲ့လို အလုပ်ရတဲ့အတွက် ကျနော်တို့က သူတို့ကိုယ်စားဝမ်းသာရမှာပါ။
မေး။ ။ ဇာတ်ကားတွေမှာလည်း ပေါကားတွေ၊ ကော်ပီကားတွေ ပိုများလာတယ်ဆိုပြီး ပြောနေကြတဲ့အပေါ် ဒါရိုက်တာတယောက်အနေနဲ့ ဘာများပြောချင်ပါလဲ။
ဖြေ။ ။ ပေါကားလို့ပြောရင်လည်း လွန်လွန်းရာကျပါတယ်။ စကားလုံးတွေကလည်း ရိုင်းရာကျပါတယ်။ သိပ်မကောင်းဘူး သူတို့ ရယ်စရာအဖြစ်သတ်မှတ်တယ်။ အဲ့ ရယ်စရာကိုပဲ တချို့က မရယ်ရဘူး ပေါကား အဖြစ်သတ်မှတ်ကြတယ်။ ခံယူချက်ခြင်းမတူဘူးပေါ့။
ရှေ့မှာ ရိုးသားတာကို ရိုးသားတယ်လို့ပြောရင် ဘယ်လောက်ထိရိုးသားမှာလဲ။ တနေရာမှာ ရိုးသားချင်လို့ တခြား တနေရာမှာ မရိုးသားတာလည်း ရှိခဲ့တာပဲ။ ဟာသဆိုတဲ့အပေါ်မှာ နားလည်သဘောပေါက်ထားတာခြင်းမတူဘူး။ အဲ့တာကလည်း လူတွေ သတ်မှတ်တဲ့ စံနှုန်းနဲ့ သူတို့အသိဉာဏ်နဲ့ သူတို့ ဖြတ်သန်းလာတာနဲ့လည်း ကွာကြပါတယ်။
ကျနော်ဆို ဟာသမရိုက်တာ တော်တော်ကြာနေပြီ။ ဒါပေမယ့် သိမ်းကြုံးပြီး ပေါကား လို့ပြောတာတော့ သိပ်မကြိုက်ပါဘူး။ ဟာသကားတွေကလည်း လူတွေကြည့်လို့ရိုက်တာ၊ လူတွေမကြည့်ရင်မရိုက်ပါဘူး။ ပေါကားလို့သာပြောနေတာ အဲ့ဟာသကားတွေကပဲ ပိုက်ဆံရနေကြတာ ရိုးရိုးဒရမ်မာကားရိုက်ကြည့် မရဘူး။ တော်ရုံတန်ရုံကားတွေမရဘူး။ အဲ့ဒီဟာသကားတွေက အလွယ်တကူပိုက်ဆံရနေတာ။ အလွယ်တကူ ရိုက်နေသရွေ့ သူတို့ကလည်း အားပေးနေကြမှာပဲ။
မေး။ ။ လူငယ်ဒါရိုက်တာတွေများစွာ အရည်အချင်းရှိပြီး ထွက်ပေါ်လာတဲ့အပေါ် ဘာများပြောချင်လဲ။
ဖြေ။ ။ ကောင်းပါတယ်။ သူတို့တွေ နိုင်ငံခြားမှာ ပညာတွေ သွားသင်လာပြီး ဒီမှာပြန်ပြီး ဘာလုပ်ရမှန်းမသိတဲ့ သူတွေရှိတယ်။ စနစ်ခြင်းမတူလို့ ။ Custume ဒီဇိုင်နာဆို ဒီမှာမရှိဘူး။ သူတို့သင်လာတဲ့ production ဒီဇိုင်နာဆိုရင် ဒီမှာမရှိဘူး။ မရှိတော့ ဘာလုပ်ရမှန်းလည်း မသိဘူး။ မသိကြတော့ တန်ဖိုးထားရကောင်းမှန်းလည်း မသိကြဘူး။ အဲ့လိုမျိုးတွေ တွေ့နေရတာတော့ စိတ်မကောင်းစရာပေါ့။
ကျနော်ကိုယ်တိုင်လည်း သြစတြေးလျသွား ပြီးသင်ရတာပဲ။ ဘာလို့သင်ရလဲဆို ဆရာအဖြစ်သင်ရတာ။ ဆရာ အဖြစ်ကျောင်းဖွင့်ဖို့ကို သင်ခဲ့ရတာ။ အဲ့လိုတွေသင်ပြီး များများပျံ့နှံ့တာ မြန်မာပြည်အတွက် အကျိုးရှိတာပေါ့။ နောက်အသစ်တွေက ကျနော်တို့ထက် ဆန်းသစ်တာ တီထွင်နိုင်တာတွေ အများကြီးတွေ့ရတာ ကောင်းပါတယ်။ ကျေနပ်တယ်။ အားရတယ်။ အဲ့လိုမျိုးအများကြီးပေါ်စေချင်တာ။ အဲ့တာကြောင့် ကျနော်လည်းကျောင်းဖွင့်ထားတာ။
မေး။ ။ ရုံတင်ကားတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံလာတဲ့အပေါ်ကိုရော ဘာများပြောချင်လဲ။
ဖြေ။ ။ အဲ့တာတော့မကောင်းဘူး။ သူများစီးပွားရေး တုတ်နဲ့ထိုးတာပေါ့။ တချို့ကရေးကြတယ်။ တင်တော့
ဘာဖြစ်လဲမင်းတို့ကားတွေ ဘယ်လောက်တောင်ကောင်းနေလို့လဲ ဆိုပြီးတင်ကြတယ်။ အဲ့တော့ သူကရော ဘာလို့တင်လဲမေးရမယ်။ အဲ့တာမျိုးကတော့ ရှင်းရှင်းလေးပဲ အချုပ်ထဲဆွဲထည့်လိုက်မှာပဲ။ ဥပဒေကလည်း ထွက်လာပြီ သုံးနှစ်ကနေ နှစ်သုံးဆယ်ထိချလို့ရတယ်။
မေး။ ။ ဦးမျိုးမင်းကို အားပေးတဲ့ ပရိသတ်ကြီးအတွက် ဘာများပြောချင်လဲ။
ဖြေ။ ။ အလုပ်အကိုင်တွေ အဆင်ပြေပါစေ။ စီးပွားရေးတွေလည်း အဆင်ပြေကြပါစေ။ ကုန်ဈေးနှုန်းတွေလည်း ကျပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ နေနိုင်ကြပါစေလို့ ဆုတောင်းပေးပါရစေ။
The post “ကျနော်ဆို ဟာသကားမရိုက်တာ တော်တော်ကြာနေပြီ” appeared first on ဧရာဝတီ.