အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေမှာ သိပ်မတွေ့ရတော့တဲ့ သဉ္ဇာနွယ်ဝင်းက သရုပ်ဆောင် အလုပ်ကို နားလိုက်ပြီး သားလေးနားမှာ အချိန်ပေးနေဖြစ်ကာ သားလေး စိတ်ညစ်မှာ စိုးတဲ့အတွက် သားလေးရှေ့မှာ သူ့တို့ လင်မယားနှစ်ယောက် စကားပြောရင်တောင် လေသံမာမာနဲ့ မပြောဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“သဉ္ဇာ အနုပညာတော့ မလုပ်တော့ဘူး။ ဒါပေမယ့် အမျိုးသားရယ်၊ သားလေးရယ်၊ သဉ္ဇာရယ် ကြော်ငြာလေးတွေတော့ ရိုက်ပေးဖြစ်တယ်။ သဉ္ဇာ အနုပညာတွေမလုပ်တော့ သားလေးနဲ့ အမျိုးသားကို အချိန်ပိုပေးဖြစ်ပါတယ်”လို့ သဉ္ဇာနွယ်ဝင်းက ဧရာဝတီကို ပြောပါတယ်။
“အနုပညာ အလုပ်တွေ မလုပ်တော့တဲ့အတွက် အချိန်ပိုပေးဖြစ်တာပေါ့။ အမျိုးသားနဲ့ အတူတူ တီဗီကြည့်ကြတယ်။ နောက် သားနဲ့ ဆော့တယ်။ သားနဲ့ အပြင်တွေလည်း သွားတယ်။ သဉ္ဇာတို့ ဝေဖန်ပြောဆိုနေတာတွေကို သတိမထားဘူး။ အမှားတရား မဟုတ်တော့ အလေးမထားဘူး။ အမျိုးသားကလည်း သူ့အလုပ်နဲ့သူ အချိန်ရရင်တော့ သားလေးကို အချိန်ပေးပြီး ဆော့တယ်”လို့ သဉ္ဇာနွယ်ဝင်းက ဆိုပါတယ်။
“ရန်ဖြစ်တာတို့ ဘာတို့လည်း မရှိဘူး။ သားလေးမွေးပြီး နောက်ပိုင်း ပိုပြီးနားလည်မှုတွေ ရှိလာတယ်။ သူအလုပ်သွားရတာ ပင်ပန်းတဲ့အတွက် ပူညံပူညံလည်း မလုပ်ဖြစ်ပါဘူး။ မိဘတွေ စကားများရင် သားသမီးတွေကတော့ စိတ်မကောင်းဖြစ်မှာပဲလေ။ အဲ့အတွက် သားရှေ့မှာ လေယူလေသိမ်း မာမာနဲ့ မပြောဘူး။ ဘာလို့လဲဆို သားစိတ်ညစ်မှာ စိုးလို့ပါ”လို့ သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
“သားလေးက သဉ္ဇာနဲ့ တူတာ ရှိတယ်။ ချွဲတတ်တယ်။ ကြီးလာတော့ အမျိုးသားနဲ့ ရုပ်ပိုတူလာတယ်။ ဘယ်သူနဲ့တူတူ အရမ်းလည်း ချစ်တယ်။ သူ့ကိုအကောင်းဆုံးတွေ လုပ်ပေးချင်တယ်။ သားလေးနဲ့ အဖော်ရအောင် နောက်ထပ် ကလေးတယောက်လောက် မွေးပေးချင်တယ်။ သဉ္ဇာအတွက်တော့ သမီးလေးတယောက် ထပ်လိုချင်တယ်”လို့လည်း ဆိုပါတယ်။
ခင်ပွန်းက အရမ်းချစ်ပြီး အလိုလိုက်ခံရတဲ့ သဉ္ဇာနွယ်ဝင်းက အခုခေတ် အချစ်ရေးတွေ ရေရှည် မခိုင်မြဲတာနဲ့ ပတ်သက်ပြီး ကောင်းတာတွေပဲလုပ်ရင် ကိုယ့်ဘေးက မကောင်းတဲ့သူတွေ ထွက်သွားလိမ့်မယ်လို့ ေ့ပြာပါတယ်။
“အခုခေတ် အချစ်ရေးတွေ ရေရှည် မခိုင်မြဲတာကတော့ ဖူးစာမမှန်လို့ဘဲ ပြောရမှာပေါ့။ တယောက်နဲ့ ချစ်တယ်ဆိုတာ တွေ့တဲ့အချိန်မှာ အဆင်ပြေရင်တော့ ချစ်ကြတာပဲလေ။ ဖူးစာ မမှန်တော့လည်း ပြတ်သွားတာပေါ့။ အကယ်လို့ ပြတ်သွားခဲ့ရင်လည်း ကိုယ့်အတွက် ထိုက်တန်တဲ့သူ ရောက်လာမှာပါ။ ကိုယ်ကိုယ်တိုင် စိတ်ကောင်းထားမယ်ဆိုရင် လူကောင်းသူကောင်းနဲ့တွေ့မှာလို့ သဉ္ဇာကတော့ ယုံကြည်တယ်။ ကောင်းတာတွေပဲလုပ်ရင် ကိုယ့်ဘေးက မကောင်းတဲ့ သူတွေ ထွက်သွားမယ်လို့ ထင်ပါတယ်”လို့ သဉ္ဇာနွယ်ဝင်းက ပြောပါတယ်။
သဉ္ဇာနွယ်ဝင်းက ယခုချိန်မှာတော့ သားလေးကို အချိန်ပေးဖြစ်နေပြီး သားနဲ့ ကြော်ငြာတွေကိုသာ လက်ခံရိုက်ကူးနေကာ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်တဲ့ “Hot Pot City” စားသောက်ဆိုင် လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
The post အနုပညာအလုပ်တွေ မလုပ်တော့ သားနဲ့ အမျိုးသားကို အချိန်ပိုပေးဖြစ်တဲ့ သဉ္ဇာနွယ်ဝင်း appeared first on ဧရာဝတီ.