ဧရာဝတီ သတင်းဌာနရဲ့ ၂၅ နှစ်မြောက် အထိမ်းအမှတ် နှစ်ပတ်လည်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် လူမင်းရဲ့ ဆုတောင်းစကားကို ဖော်ပြပေးလိုက်ပါတယ်။
“ဧရာဝတီ သတင်းဌာနအတွက် ဂုဏ်ယူပါတယ်။ လုပ်ငန်းတခု နှစ်ရှည်လများ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ၂၀ ကျော်၊ ၂၅ နှစ်တောင် ပြည့်တော့မယ် ဆိုတော့ အံ့သြစရာ ကောင်းသလို ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ ဒီလို ဖြစ်လာဖို့အတွက် ဘယ်သူမဆို လှည့်ကြည့်ရင် သမိုင်းကြောင်းတွေ ရှိမှာပါ။ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းတွေက ဒီဧရာဝတီ သတင်းဌာနရဲ့ သမိုင်းတွေပါပဲ။ ပျောက်ပျက်သွားမယ့် အရာတွေ မဟုတ်ပါဘူး”လို့ လူမင်းက ဆိုပါတယ်။
သရုပ်ဆောင် တယောက်အနေနဲ့ မီဒီယာဟာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ပြီး အနုပညာရှင်များ အပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလဲ ဆိုတဲ့ အချက်ကိုလည်း အခုလို ပြောပြထားပါတယ်။
“ကျနော်တို့ဆီမှာ မီဒီယာနဲ့ အနုပညာရှင်နဲ့ ဆက်ဆံရေးတွေက ဟိုအရင်တုန်းက ကျနော် ပြောခဲ့ဖူးသလို လင်နဲ့မယား လျှာနဲ့သွားလို ခဏခဏလည်း ရန်ဖြစ်ကြမယ်။ ဒါပေမယ့် တယောက်နဲ့ တယောက် မတွေ့လို့၊ မခေါ်လို့၊ မပြောလို့မရတဲ့ အနေအထားတွေပေါ့။ ချစ်လို့ ပြောတာတွေလည်း ဖြစ်မယ်။ မုန်းလို့ ပြောတာတွေလည်း ဖြစ်မယ်။ မတည့်အတူနေဆိုတာ မျိုးတွေလည်း ဖြစ်မှာပါပဲ”
“တခြား တခြားသော တိုင်းပြည်တွေနဲ့ ယှဉ်ရင်တော့ ကျနော်တို့ ဆီမှာက ရင်းနှီးမှု၊ နွေးထွေးမှုလေး တခု ရှိတယ်လို့ ခံစားရပါတယ်။ ဘာလို့လဲဆို နိုင်ငံခြားက ပါပါရာဇီတွေလိုမျိုး လူတယောက်ရဲ့ဘဝ၊ Celebrity တယောက်ရဲ့ ဘဝကို နှိုက်နှိုက်ချွတ်ချွတ် လိုက်ပြီးတော့ ထိခိုက် ဘဝပျက်လောက်တဲ့ အထိ သတင်းဌာနတခုက လုပ်လိုက်တာမျိုးလည်း မကြားဖူးသေးဘူး” လို့ လူမင်းက ပြောပါတယ်။
“နောက်ပြီး သတင်းဌာနတခုမှာ ဆိုရင်လည်း ကျနော်တို့က လူတွေချင်းကလည်း ရင်းနှီးမှုတွေ နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့အခါကျတော့ တယောက် အကျိုး တယောက် စေတနာထား ချစ်ကြည်မှုတွေ ရှိကြတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်” လို့လည်းလူမင်းက ပြောပါတယ်။
ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှ စတင်ကာ ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် မြန်မာနိုင်ငံ အရှေ့တောင် အာရှရေးရာသတင်း၊ သတင်းဆောင်းပါး၊ သတင်း သုံးသပ်ချက်နှင့် အယ်ဒီတာအာဘော်များဖြင့် စာဖတ်ပရိသတ်၏ ယုံကြည် ကိုးစားသော သတင်းဌာန ဖြစ်လာခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် အနုပညာရှင်များရဲ့ ဆုတောင်းစကား
ဧရာဝတီ၂၅ နှစ်ပြည့်အတွက် အနုပညာရှင်များ၏ ဆုတောင်းစကားများ (၂)
The post ဧရာဝတီ သတင်းဌာန၂၅ နှစ်ပြည့်အတွက် သရုပ်ဆောင် လူမင်းရဲ့ ဆုတောင်းစကား appeared first on ဧရာဝတီ.