ဒီနေ့ သြဂုတ် ၂၉ ရက်နေ့မှာ နာမကျန်းဖြစ်နေတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီကို အနုပညာရှင်များက ဆေးဖိုးအတွက် အလှူငွေ လာရောက်လှူခဲ့တယ်လို့ သိရပါတယ်။ ဒေါ်စံပယ်က အခုချိန်မှာတော့ မြန်မာဆေးနှင့် အင်္ဂလိပ်တွေနဲ့ ကုသနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အမေ ဆေးရုံဆင်းလာတာ ၃ လ ရှိပြီ။ အားတော့ မရှိသေးဘူး။ ထမင်းပဲ စားပြောတယ်။ မောနေရင် အောက်ဆီဂျင်တော့ တပ်ထားရတယ်။ ကျန်းမာရေးကတော့ ဆေးရုံက ဆေးနဲ့ မြန်မာဆေးနှစ်မျိုးနဲ့ ကုနေတယ်။ နှလုံးစက်တပ်ဖို့ကလည်း ဆရာဝန်တွေက ဘာမှ မပြောသေးပါဘူး။ အမေဘာမှ မဖြစ်ပါဘူး။ စိတ်မပူပါနဲ့။ အမေ အသက်ရှင်နေပါတယ်”လို့ ဒေါ်စံပယ်က ပြောပါတယ်။
“မေမြို့ကနေ အရုဏ်ဦး ကိုဇော်နဲ့ ကာရိုက်ပြီးပြန်လာမှ ဖြစ်တာပေါ့။ ဆေးရုံတက်ရပြီး အသက်ကယ်ဆေးတွေ ထိုးရတယ်။ အကြောဆေးတော့ မသွင်းရဘူး။ အခု အမေက ကားမရိုက်ရတော့ အဖေ့ပင်စင်လေးနဲ့ သားလေး လာပေးတာနဲ့ပဲ စားနေရတော့ပေါ့။ အမေ့ ဝေယျာဝစ္စတွေကို အဖေကြီးကို မလုပ်ခိုင်းချင်တာကြောင့် ညီမ အငယ်လေးက လာလာပြီးတော့ အမေကို လုပ်ပေးပါတယ်”လို့ ဒေါ်စံပယ်က ဆိုပါတယ်။
ဒေါ်စံပယ့်ကို အနုပညာ အသိုင်းအဝိုင်းက အနုပညာရှင်အချို့ အလှူငွေများ လာရောက် လှူဒါန်းကြပေမယ့် အရင်က ဒေါ်စံပယ် ပါဝင်ခဲ့တဲ့ အမေများအဖွဲ့ကတော့ လာရောက် လှူဒါန်းခြင်း မရှိဘူးလို့လည်း ပြောပါတယ်။
“အမေလည်း တင်လိုက်တာ မဟုတ်ဘူးလေ။ ဒါပေမယ့် အမေကို ဆုံးပြီဆိုပြီး တင်ပေးတဲ့ သူကိုတောင် ကျေးဇူးတင်ရမယ်။ အနုပညာရှင်တွေလည်း လာလှူကြပါတယ်။ ကားရိုက် ရတုန်းကတော့ အမေပိုက်ဆံနဲ့ အမေ ကုလို့ရတော့ အခုလို ကားမရိုက်ရတာတော့ အမေ့သားလေးနဲ့ အဖေကြီးကပဲ ကုပေးနေရတယ်။ အခုတော့ သိသွားတော့ လာလှူကြတော့ အဆင်ပြေပါတယ်”
“ဇာတ်ပို့ ဇာတ်ရံတွေကိုလည်း ရုပ်ရှင်အစည်းအရုံးက ကူညီပါတယ်။ အမေများအဖွဲ့ကတော့ လာရောက်တာ မရှိဘူး။ အမေလည်း အမေများအဖွဲ့က အမေ တယောက်မှ မလာတာတော့ ဘာမှ မပြောချင်ပါဘူး။ အားလုံးကို အမေ မေတ္တာထားပါတယ်။ ဒေါ်နွဲ့နွဲ့စမ်းက နေကောင်းအောင်နေ လို့တော့ ပြောခိုင်းလိုက်တယ်။ အမေကိုယ်တိုင်က အမေများအဖွဲ့မှ ရာသက်ပန်ထွက်ပါတယ် ဆိုပြီးလည်း အမေကိုယ်တိုင်ပဲ ကြေညာခိုင်းလိုက်တာ။ ထွက်ထားတာ ၁ နှစ်လောက်တော့ရှိပြီ”လို့ ဒေါ်စံပယ်က ပြောပါတယ်။
ဒေါ်စံပယ်က ဇာတ်ပို့ တယောက်အနေနဲ့ ဇာတ်ကားများစွာ ရိုက်ကူးခဲ့သလို အမေများအဖွဲ့ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ အခုချိန်မှာတော့ ကျန်းမာရေး မကောင်းတာကြောင့် (၁၀)ပေ ပတ်လည် အိမ်လေးထဲမှာ အသက်(၈၅) နှစ် ရှိပြီဖြစ်တဲ့ အဖေအိုကြီးနဲ့ ဒေါ်စံပယ်တို့ အတူတူ နေထိုင်နေတာလည်း ဖြစ်ပါတယ်။
အနုပညာအလုပ်များ လုပ်ကိုင်လာတာ ကြာပြီဖြစ်တဲ့ ဒေါ်စံပယ်က အသက် ၆၀ နှစ် ရှိပြီလို့ သိရပြီး လက်ရှိ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။
The post နှလုံး ကျန်းမာရေးကြောင့် နာမကျန်းဖြစ်နေတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဒေါ်စံပယ် appeared first on ဧရာဝတီ.