စက်တင်ဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဆရာများနေ့ အထိမ်းအမှတ် အဖြစ် ဘောလိဝုဒ် မင်းသား Hrithik Roshan ဟာ မကြာမီ ရုံတင်ပြသတော့မယ့် “Super 30” ရဲ့ ပိုစတာတွေကို ဖြန့်ချိခဲ့ပါတယ်။
မင်းသားဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ပိုစတာ ၃ ခုကို ဝေမျှခဲ့တာဖြစ်ပြီး အဲဒီ ပိုစတာတွေထဲမှာ IIT ဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ဖို့အတွက် ဆင်းရဲချို့တဲ့တဲ့ ကျောင်းသားတွေကို လေ့ကျင့်ပေးခဲ့တဲ့ သင်္ချာပညာရှင် Anand Kumar အဖြစ် မင်းသားကို မြင်တွေ့ရပါတယ်။
အဲဒီပိုစတာတွေကို မဖြန့်ချိမီမှာတော့ မင်းသား Hrithik ဟာ “အခုတော့ ဘုရင့်ရဲ့သားက ဘုရင်ဖြစ်လာခဲ့ပါပြီ” ဆိုတဲ့ စာသားကို တင်ပြီး ပရိသတ်တွေကို သတင်းပေးခဲ့ပါတယ်။ သူ့ရဲ့ဇာတ်ကောင်ပိုစတာထဲမှာဆိုရင် သင်္ချာ ညီမျှခြင်းတွေပါဝင်တဲ့အပြင် ဒါရိုက်တာ Vikas Bahl နဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းမှာ ရုပ်ရှင်ဖန်တီးသူတွေဟာ မုတ်ဆိတ်မွှေးထူထူ၊ ကြမ်းတမ်းတဲ့ ဆံပင်ပုံစံ ရှိနေတဲ့ မင်းသားရဲ့ ပထမဆုံး ပုံရိပ်ကို ဝေမျှခဲ့ပါတယ်။
ဗီဟာပြည်နယ်မှာ နေထိုင်ခဲ့တဲ့ သင်္ချာပညာရှင် Anand Kumar ကတော့ မင်းသား Hrithik ဟာ သူ့နေရာမှာ သရုပ်ဆောင်ဖို့အကောင်းဆုံးမင်းသားဖြစ်တယ်လို့ထင်တဲ့အကြောင်း ကနဦးမှာ ပြောကြားခဲ့ပါတယ်။
မင်းသမီး Mrunal Thakur နဲ့အတူ ပါဝင် သရုပ်ဆောင် ထားတဲ့ Super 30 ရုပ်ရှင်ကို Sajid Nadiadwala နဲ့ Phantom Films တို့က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။
သင်္ချာပညာရှင် Anand Kumar နဲ့ သူ့ရဲ့ ပညာရေး အစီအစဉ် “Super 30” အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ကို ရာဂျစ်စတန်ပြည်နယ်၊ ကိုတာမြို့ အနေနဲ့ ပြသမယ့် Sambhar Lake Town မြို့မှာ ၁၀ ရက်ကြာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်လောကနဲ့ ၂ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ မင်းသား Hrithik အတွက် တကျော့ပြန် အနုပညာလှုပ်ရှားမှု ဖြစ်ပြီး တချိန်က ဘောလိဝုဒ်ရုပ်ရှင်လောကမှာ ဟုန်းဟုန်းတောက် အောင်မြင်ခဲ့တဲ့ မင်းသားကို ပရိသတ်အများစုက မျှော်လင့်နေကြတာပါ။
အခုရုပ်ရှင်ရဲ့ ဖြန့်ချိမယ့်ရက်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီးတော့မှ လာမယ့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ အဲဒီရုပ်ရှင် ရုံတင်ချိန်မှာတော့ မင်းသမီး Kangana Ranaut ပါဝင်သရုပ်ဆောင်ထားတဲ့ “Manikarnika” ရုပ်ရှင်နဲ့ ရုံဝင်ငွေ စာရင်းမှာ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
Ref: indianexpress
The post အနုပညာနဲ့ ခေတ္တဝေးကွာနေတဲ့ မင်းသား Hrithik Roshan ရဲ့ ရုပ်ရှင်သစ် “Super 30” appeared first on ဧရာဝတီ.