ဒီတပတ် မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဒါရိုက်တာ Jonathan Watson ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ Comedy, Thriller အမျိုးအစား ရုပ်ရှင် “Arizona” ပဲ ဖြစ်ပါတယ်။ မင်းသမီး Rosemarie DeWit ၊ မင်းသား Danny McBride နဲ့ အခြားသော သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။
Cassie ဟာ ခင်ပွန်းနဲ့ ကွာရှင်းထားသူဖြစ်ပြီး အိမ်အရောင်းအဝယ် အကျိုးအဆောင်အလုပ်ကို လုပ်ကိုင်ရင်း တဦးတည်းသော သမီးလေးကို ကျွေးမွေးစောင့်ရှောက်နေသူတဦး ဖြစ်ပါတယ်။ သူမ ရောင်းချနေတဲ့ အိမ်တွေဟာ ခေတ်မီ ဆန်းသစ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ပြန်လည် ရောင်းချဖို့တောင် ဘယ်သူမှ မဝယ်တဲ့ အိမ်အမျိုးအစားတွေလည်းဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်ရဲ့ အမေရိကန်နိုင်ငံရဲ့ အိမ်ရာစီးပွားရေး အကျပ်အတည်းထဲကို ရောက်ရှိနေပြီး သူမကတော့ အကျပ်အတည်းတွေကို မမှုဘဲ အသက်ရှင်နေထိုင်ရေးအတွက် တကိုယ်တည်း ရုန်းကန်နေခဲ့ရသူ တယောက်ဖြစ်ပြီး အိမ်လာကြည့်တဲ့ ဝယ်သူတွေကို မဝယ်ဝယ်ချင်အောင် ဆွဲဆောင်နေခဲ့ရတာလည်း ဖြစ်ပါတယ်။
တနေ့မှာ သူမဟာ သမီးဖြစ်သူကို ကျောင်းလိုက်ပို့အပြီး အလုပ်နောက်ကျခဲ့တဲ့ အတွက်ကြောင့် သူမရဲ့ သူဌေးဖြစ်သူနဲ့ ကတောက်ကဆ ဖြစ်ကြပါတယ်။ ရှေ့ဆင့်နောက်ဆင့်မှာပဲ သူမရဲ့ သူဌေးကို စောဒကတက်ဖို့ နောက်ထပ် Sonny ဆိုတဲ့ လူတယောက် ရောက်ရှိလာပါတော့တယ်။
သူမဟာ ဘဏ်နဲ့ အရစ်ချပေးချေမှုအတွက် ဖုန်းထဲမှာ အချင်းများနေတုန်းမှာပဲ တဖက်မှာလည်း သူမသူဌေးနဲ့ Sonny တို့ တယောက်တခွန်း စကားများနေကြတာကို သူမလှမ်းမြင်နေရပါတယ်။ ဒီလိုနဲ့ သူမမျက်စိရှေ့တင်ပဲ စကားများနေကြတဲ့ ယောကျ်ားနှစ်ယောက်မှာ Sonny ကနေ သူမ သူဌေးကို ဝရံတာကနေ တွန်းချမိသွားပါတော့တယ်။
သူမသူဌေးလည်း နေရာမှာတင် သေဆုံးသွားပြီး Sonny ဟာ Cassie ကို တွေ့မြင်သွားပါတော့တယ်။ ရဲနဲ့ လူနာတင်ယာဉ်ကိုတောင် ဖုန်းဆက်ခေါ်ဖို့ သူမမတတ်နိုင်ခဲ့ဘဲ Sonny ဟာ သူ့အိမ်ကို ဖမ်းခေါ်သွားပါတော့တယ်။
ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ စိုက်ပျိုးရေးမြေတွေကို ဖျက်သိမ်းပြီး အိမ်ရာစီမံကိန်းတခု လုပ်ခဲ့ရာမှာ ဝယ်ယူခဲ့သူတွေအတွက် ရလဒ်ကတော့ ဘဏ်ကို အရစ်ကျပေးချေရခြင်းတွေနဲ့ ကြွေးထူလာချိန်မှာ Sonny တို့လို လူတွေအတွက် ဒေါသကို ဖြစ်ပေါ်စေပြီး အဲဒီ ဒေါသကနေ မတော်တဆ လူသတ်မှုတွေအထိ ပြစ်မှုကျူးလွန်မိတာတွေပဲ ဖြစ်ပါတယ်။
IMDb rating (5.7) ရရှိထားတဲ့ ဒီဇာတ်ကားမှာ Sonny ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ Cassie တယောက် လွတ်သွားမလား၊ မလွတ်သွားဘူးလားဆိုတာကို စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။
The post မအောင်မြင်တဲ့ အိမ်ရာစီးပွားရေးတွေရဲ့ နောက်ဆက်တွဲ ပြဿနာကို ရိုက်ကူးထားတဲ့ “Arizona” appeared first on ဧရာဝတီ.