သည်းထိတ်ရင်ဖို ရုပ်ရှင်တွေဟာ ရုံဝင်ငွေစာရင်းမှာ အောင်မြင်မှုတွေ ရရှိတတ်ပါတယ်။ အခုလည်း “The Conjuring” ရုပ်ရှင်တခုဟာ ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းနေရာ ရယူထားနိုင်တာကို တွေ့ရပါတယ်။
Variety မီဒီယာရဲ့ သတင်းအရ “The Nun” ရုပ်ရှင်ဟာ အခုသီတင်းပတ်ကုန်ပိုင်းရဲ့ အဖွင့်မှာတော့ နံပါတ် ၁ ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး အဲဒီပဉ္စမမြောက် “Conjuring” ရုပ်ရှင်ဟာ သူ့ရဲ့ မူရင်း ရုပ်ရှင်တွေထက် ဝင်ငွေကောင်းခဲ့တာကို တွေ့ရပါတယ်။ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ ၅၃ ဒဿမ ၅ သန်းရရှိခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၄၁ ဒဿမ ၈ သန်း နဲ့ တင်ထားတဲ့ “The Conjuring” ရုပ်ရှင်ရဲ့ စံချိန်ကို ကျော်တက်နိုင်ခဲ့တာ တွေ့ရပါတယ်။
အခုလိုမျိုး အတွဲလိုက်ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်တခုအတွက် နောက်ထပ် သတင်းကောင်းတခုက ကြည့်ရှုသူပရိသတ်တွေအကြား အထူးရေပန်းစားနေပြီး ပထမဆုံး ရုပ်ရှင် ၄ ခုက ကမ္ဘာတဝန်းမှာ လက်မှတ်ရောင်းအား ဒေါ်လာ ၁ ဒဿမ ၁ ဘီလီယံ ရရှိထားတာကို တွေ့ရပါတယ်။
Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Jeff Goldstein က “The Nun ရုပ်ရှင်ကို စိတ်ဝင်စားမှုက တော်တော်လေး မြင့်တက်နေတယ်ဆိုတာကို ကျနော်တို့ သိထားပြီး ကျနော်တို့ မှန်းထားတာထက်တောင် ကျော်လွန်ခဲ့ပါတယ်” လို့ Variety ကို ပြောကြားခဲ့ပါတယ်။
“The Nun” ရုပ်ရှင်ဟာ ရုံဝင်ငွေစာရင်းရဲ့ နံပါတ် ၁ နေရာမှာ သီတင်း ၃ ပတ်ဆက်တိုက် ရပ်တည်နေတဲ့ “Crazy Rich Asians” ရုပ်ရှင်ကို ဖယ်ရှားနိုင်ခဲ့ပြီး အခုတော့ အဲဒီရုပ်ရှင်က ဒေါ်လာ ၁၃ ဒဿမ ၅ သန်း ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အခု စတုတ္ထ သီတင်းပတ်အထိ ထပ်ပေါင်းမယ် ဆိုရင်တော့ စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၁၃၆ သန်း ရရှိထားပြီး ဖြစ်ပါတယ်။
အခုသီတင်းပတ်ရဲ့ ရုံဝင်ငွေအများဆုံး ရုပ်ရှင် ၅ ကား စာရင်းမှာဆိုရင် မင်းသမီး Jennifer Garner ပါဝင်ထားတဲ့ “Peppermint” ရုပ်ရှင်ဟာ နံပါတ် ၅ နေရာမှာ ရပ်တည်နေပြီး ဒေါ်လာ ၁၃ ဒဿမ ၂ သန်း ဝင်ငွေ ရရှိထားပါတယ်။ “The Meg” ရုပ်ရှင်တော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ဒေါ်လာ ၆ ဒဿမ ၁ သန်း ရရှိခဲ့ပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ နံပါတ် ၅ နေရာမှာ ရပ်တည်နေတာက “Searching” ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ ၄ ဒဿမ ၃ သန်း ရရှိထားပါတယ်။
Ref: etcanada
ဆက်စပ်ဖတ်ရှုရန် – ကြောက်မက်ဖွယ်ကောင်းတဲ့ “The Nun” ရုပ်ရှင်ကြော်ငြာကို Youtube ဖယ်ရှား
The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်သွားတဲ့ “The Nun” ရုပ်ရှင် appeared first on ဧရာဝတီ.