လွန်ခဲ့တဲ့ ဆယ်စုနှစ်များမှ စတင်ကာ ယခုအချိန်ထိ လူကြိုက်များနေဆဲဖြစ်တဲ့ ‘ ဘလက်ကော်ဖီ ‘ သီချင်းကို သီဆိုခဲ့သူ တေးသံရှင်သီရိဂျေမောင်မောင်ကတော့ ယခုအချိန်မှာ ကုမ္ပဏီဝန်ထမ်းအနေနဲ့ ရပ်တည်ခဲ့တာ ၈ နှစ်ကျော်ပြီလို့ ဧရာဝတီကို ပြောပါတယ်။
“အခုဆိုရင် အလုပ်လုပ်နေတာ ၈ နှစ်ကျော်လောက်တောင်ရှိနေပြီ။ မသီရိက ပေါ်ပြူလာဖြစ်တယ် ဆိုတာထက် သီချင်းကို ဆိုချင်တာလေ။ ဆိုနေရရင်ပြီးရောဆိုတော့ အခုလိုပေါ်ပြူလာမဖြစ်တဲ့ အလုပ်ကို ကူးပြောင်းနိုင်တယ်လို့ ထင်ပါတယ်” လို့ သီရိဂျေမောင်မောင်က ပြောပါတယ်။
အလုပ်အားတဲ့ရက်တွေမှာတော့ ဝါသနာပါတဲ့ ဂီတအလုပ်ကို လုပ်နေပြီး မကြာခင်မှာလည်း အွန်လိုင်းပေါ်မှ တဆင့် သီချင်း ၂ ပုဒ်၊ ၃ ပုဒ်ခန့် တင်ပေးဖို့အတွက် စီစဉ်နေတယ်လို့ ပြောပါတယ်။
“အခုသီချင်းတွေ လုပ်နေပြီ။ ၂ ပုဒ်၊ ၃ ပုဒ် လောက်တော့ အွန်လိုင်းမှာတင်ဖို့ လုပ်နေပါတယ်။ အသံသွင်းနေပြီ။ သီချင်းတွေကတော့ Trend နည်းနည်းပြောင်းသွားပြီ။ ဒါပေမယ့်လည်း မသီရိမှန်းတော့မှတ်မိကြမှာပါ။ သီချင်းစာသား တွေကအစ လူကြီးဆန်သွားပြီ” လို့ သီရိဂျေမောင်မောင် ကပြောပါတယ်။
မိသားစုနဲ့ တွဲဖက်ပြီးတော့လည်း Live Show ပုံစံလည်း လုပ်ဖြစ်ခဲ့ရင်တော့ အဖေ၊ ဦးလေး၊ အဒေါ်တို့နဲ့ အတူ သီချင်းတွေဆိုချင်တယ်လို့ ပြောပါတယ်။ သီရိဂျေမောင်မောင်ကတော့ သီချင်းအသစ်တွေအနေနဲ့ မထွက်နိုင်ခဲ့ပေမယ့် ပွဲတွေမှာတော့ သီချင်းများသီဆိုလျက်ရှိပါတယ်။
The post ကုမ္ပဏီဝန်ထမ်းတယောက်အနေနဲ့ ရပ်တည်ခဲ့တာ ၈ နှစ်ကျော်ပြီဖြစ်တဲ့ သီရိဂျေမောင်မောင် appeared first on ဧရာဝတီ.