အသံချိုချိုနဲ့ သီချင်းအေးအေးတွေကြောင့် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်က လတ်တလောမှာ “MAR” လို့ နာမည်ပေးထားတဲ့ တတိယ တကိုယ်တော်ခွေ ထွက်ရှိထားပါတယ်။
အိုင်ရင်းဇင်မာမြင့်က တကိုယ်တော်ခွေကို Audio နဲ့ DVD တခါတည်း ဖြန့်ချိဖို့ စီစဉ်ထားပေမယ့် သြဂုတ် ၂၉ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ အမှတ်တရအဖြစ် ဖြန့်ချိချင်တာကြောင့် Audio အခွေကို အရင် ဖြန့်ချိထားတယ်လို့ သိရပါတယ်။
အခွေထဲမှာပါတဲ့ “ရင်ဘတ်ထဲက လူနှစ်ယောက်” သီချင်းကို မိန်းကလေး ပရိသတ်တွေအများစု အားပေးပြီး ကြိုက်ကြတဲ့အပေါ် အိုင်ရင်းဇင်မာမြင့်က အခုလိုပဲ ဆိုပါတယ်။
“ရင်ဘတ်ထဲက လူနှစ်ယောက်” သီချင်းလေးကို ပရိသတ်တွေ အားပေးကြတဲ့အပေါ် ဝမ်းသာတယ်။ ပျော်တယ်။ ဒါပေမယ့် ရှက်တယ်။ အဲ့လို မဆိုခဲ့ဖူးဘူးလေ။ ပါးစပ် မရဲဘူး။ အဲ့တော့ မဆိုဘူးဆိုပြီး ပြောတယ်။ ဒါပေမယ့် စမ်းဆိုကြည့်ပါ ဆိုတာနဲ့ ဆိုဖြစ်ခဲ့တယ်။ ဆိုကြည့်လို့ ကြိုက်ရင်ထည့် မကြိုက်ရင် မထည့်နဲ့ဆိုပြီး ပြောကြတော့ အိုင်ရင်း ဆိုကြည့်တာ ပရိသတ်တွေ အားပေးတော့ ဝမ်းသာပါတယ်” လို့ အိုင်ရင်းဇင်မာမြင့်က ဧရာဝတီကို ပြောပါတယ်။
‘‘ဒီအခွေကို စာနယ်ဇင်း မိတ်ဆက်လည်း မလုပ်ဖြစ်ဘူး။ ပရိုမိုးရှင်းလည်း မလုပ်ဖြစ်ဘူး။ လုံးဝ သီးသီးသန့်သန့် သွားပါစေ ဆိုပြီးတော့ ပရိသတ်ခေါ်တဲ့ နောက်ကိုပဲ ဒီအယ်လ်ဘမ်က အတိုင်းအတာ တခုဆီ သွားပါစေဆိုပြီး ဖိအားပေးမထားဘူး။ ကိုယ့်ဘက်က ဖိအားမပေးဘဲ သူ့အောင်မြင်မှုလေးနဲ့ သူသွားတဲ့အတွက် ပိုကျေနပ်ပါတယ်” လို့ အိုင်ရင်းဇင်မာမြင့်က ဆိုပါတယ်။
ဆက်လက်ပြီး “အိုင်ရင်း ပိုပျော်မိတာက အနုပညာသမား အချင်းချင်းကကို ရက်ပိုင်းအတွင်းမှာ အရမ်း အားပေးတာတွေ့ရတယ်။ အရင်တုန်းက ဆုံမှ အိုင်ရင်းရေ အခွေထဲက ဘာလေးကြိုက်တယ် ပြောဖြစ်ပေမယ့် အခုအားပေးကြတော့ ဝမ်းသာတယ်။ အချင်းချင်း စနောက်ပြီးရေးသားတဲ့ စကားလေး ဖြစ်လာတော့ ဝမ်းသာပါတယ်။ ဒီခွေလေးကို ကြိုးစားရကျိုး နပ်တဲ့အတွက် ကျေနပ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။
အိုင်ရင်းဇင်မာမြင့်ကတော့ သူမကို စိတ်ဓာတ် ခွန်အားတွေပေးခဲ့တဲ့ အပြုသဘောဆောင်တဲ့ comment တွေ၊ ဝေဖန်ပြောတဲ့ comment တွေ ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“တေးရေးဆရာပေါင်းများစွာ အရည်ချင်းရှိတဲ့ သူပေါင်းများစွာ ရှိတယ်ဆိုတာကို တေးရေးဆရာ အသစ်တွေနဲ့ အများကြီး အလုပ်လုပ်ပြထားပါတယ်။ ပရိသတ်ကိုလည်း နောက်ထပ် surprise လုပ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်’’ လို့ အိုင်ရင်းဇင်မာမြင့်က ပြောပါတယ်။
အဆိုတော် အိုင်ရင်းဇင်မာမြင့်ကတော့ အရမ်းချစ်တတ်တာကြောင့် သူမ သီချင်းထဲကလို အချစ်ကို နှစ်ယောက်မျှပြီး မချစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။
‘‘အိုင်ရင်းက ဘယ်တော့မှ ဖုံးကွယ်ထားတဲ့ အထဲမှာလည်း မပါတော့ အိုင်ရင်းဘက်က ချစ်ရတဲ့သူ၊ လက်တွဲမယ့် သူပေါ်လာရင် လက်ထပ်တဲ့အခြေအနေမျိုး တခါတည်းပဲ အတိအလင်း ပြောပြ ပေးမှာပါ။ ဘာလို့လဲဆိုတော့ ဒီခေတ်မှာကျတော့ အခု ခဏလေးတွဲ၊ ခဏလေးနဲ့ ပြတ်ကြ၊ ကွဲကြ ဆိုတော့ မကောင်းဘူး။ ပတ်ဝန်းကျင်မှာလည်း သိက္ခာကျသလို ခံစားရတယ်။ ကိုယ်တကယ် လက်ထပ်ရမယ့် ချစ်တဲ့သူကို တရားဝင် ပြောပြပေးမှာပါ”လို့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဆိုပါတယ်။
“အိုင်ရင်းက အရမ်းချစ်တတ်တဲ့ အခါကျတော့ နှစ်ယောက်မျှပြီး မချစ်နိုင်ဘူး။ အိုင်ရင်း အချစ်က တယောက်တည်းကို ချစ်နေရင်တောင် လိုနေသေးတယ်လို့ ခံစားရတယ်။ အိုင်ရင်း နံရိုးပိုင်ရှင် မဟုတ်လို့ ဖူးစာရှင် မဟုတ်လို့ လွဲခဲ့တယ်လို့ သဘောထားတယ်။ အိုင်ရင်း နှလုံးသားတံခါး ပြန်ဖွင့်လာရင်တော့ ချစ်သူထားမယ်။ ယောကျာ်းကောင်းပီသတယ်။ သစ္စာရှိတယ်။ အိုင်ရင်း အပေါ်ချစ်နိုင်တယ်၊ အိုင်ရင်း မိသားစုကို ဦးဆောင်နိုင်တယ်။ အိုင်ရင်းနဲ့ ဘာသာတူရင်တော့ စဉ်းစားမှာပါ” လို့ ဆိုပါတယ်။
အိုင်ရင်းဇင်မာမြင့်ရဲ့ “MAR” သီချင်းခွေမှာ သီချင်း ၁၃ ပုဒ်ပါဝင်ပြီး DVD ထွက်ရှိရန် သီချင်း ၃ ပုဒ် ခန့်သာ ရိုက်ကူးရန် ကျန်ရှိသောကြောင့် DVD အခွေကို ယခု နှစ်အတွင်း ဖြန့်ချိမယ်လို့ပြောပါတယ်။ ယခု အခွေကိုတော့ မိခင်ဖြစ်သူက ထုတ်လုပ်ပေးထားတာကြောင့် သူမ စိတ်ကြိုက် ဆုံးဖြတ်ကာ ပြုလုပ်ထားပြီး ယခင်က သီဆိုနေကျ သီချင်းပုံစံများမှ ခွဲထွက်ထားလို့ ဆိုပါတယ်။
The post “ရင်ဘတ်ထဲက လူနှစ်ယောက်” သီချင်းလို နှစ်ယောက်မျှပြီး မချစ်နိုင်တဲ့ အိုင်ရင်းဇင်မာမြင့် appeared first on ဧရာဝတီ.