အဆိုတော်သားစိုးက ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများစွာကို ဖန်တီးဖြစ်နေပြီး သူရဲ့ဖန်တီးမှုကို ကြိုက်နှစ်သက်တဲ့ ထုတ်လုပ်သူတွေနဲ့ ပိုပြီးလက်တွဲဖြစ်လာတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ဇာတ်ဝင်တေး အနေနဲ့က အရင်တုန်းကတော့ ရှိတော့ရှိတယ်။ နည်းတယ်။ နောက်ပိုင်းတော့အတော်များတယ်။၂၀၁၇၊ ၂၀၁၈ ခုနှစ်မှာ အရမ်းများသွားတယ်။ ဒီနှစ်ထဲမှာကျနော့်ရဲ့ ဖန်တီးမှုကိုကြိုက်လာတဲ့ ရုပ်ရှင် ထုတ်လုပ်သူတွေနဲ့ လက်တွဲဖြစ်တယ်။ ရုပ်ရှင်အသိုင်းအဝိုင်းမှာ ပိုပြီး ဝင်ဆန့်လာတယ်ပေါ့ ” လို့ သားစိုးက ဧရာဝတီကို ပြောပါတယ်။
ရောသမဆိုတဲ့စကားလုံးနဲ့ ပရိသတ်သိအောင်ဖန်တီးတတ်တဲ့သားစိုးက စီးပွားရေးမှာလည်း ရောသမနှပ်၊ ရောသမစင်တာ ဆိုပြီးလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ စိတ်ဝင်စားဖွယ် အစားအသောက်တွေနဲ့ ရောသမစင်တာကို မကြာမီဖွင့်လှစ်တော့မယ့်သားစိုးက တဖက်ကလည်း အနုပညာအသစ်တွေလုပ်ဆောင်နေတဲ့အကြောင်းပြောပြပါတယ်။
“အနုပညာအသစ်လုပ်ဖြစ်နေတာကတော့ “ဂျင်းကောင်” ဇာတ်ဝင်တေးရေးဖြစ်ပါတယ်။ ဒါရိုက်တာကိုပေါက်က သူကိုယ်တိုင်ဖုန်းဆက်ပြီးပြောပါတယ်။ ကိုပေါက်ကလည်း သူလိုချင်တဲ့ပုံစံပြောပြပေးပါတယ်။ကျနော့်ရဲ့”ရေခဲရေ” သီချင်းကို သူသိတယ်ပေါ့နော်။ ဂျင်းကောင်ကိုလည်း အဲဒီလိုလေးလုပ်ဖို့ အကူအညီတောင်းပါတယ်။ ဒါကြောင့် ကျနော်က အဲဒီကားလေးကြည့် ပြီးတော့ သေချာရေးတာပေါ့” လို့ သားစိုးက ဆိုပါတယ်။
သားစိုးရေးစပ်ပေးပြီး ရုပ်ရှင်ဇာတ်ဝင်တေးတွေပါဝင်တဲ့ ထွက်ရှိပြီးသား ရုပ်ရှင်ကားကြီးတွေကတော့ ” ကမ္ဘာကျော်တို့ရွာ” ၊ “အမည်ပေါက်နဲ့ကျူး” တို့ဖြစ်ပြီး မထွက်ရှိသေးတဲ့ ရုပ်ရှင်ကားကြီးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
သူများခံစားမှုကို ပြန်ပံ့ပိုးရေးဖွဲ့ရတဲ့ ဇာတ်ဝင်တေးရေးဖွဲ့မှုအပေါ် ခံစားမှုနဲ့ပတ်သက်ပြီးလည်း သားစိုးက အခုလိုဆိုပါတယ်။
“အရင်ကတော့ ကိုယ်ပိုင်သီချင်းက ကိုယ့်စိတ်ကြိုက်ဖန်တီးရတဲ့ မော်ဒယ်လ်တခု၊ ဇာတ်ဝင်တေးက သူများပေးတဲ့မော်ဒယ်လ်ကို ပြန်ခံစားရေးဖွဲ့ရတာ။ များသောအားဖြင့်တော့ ထုတ်လုပ်သူတွေက ကျနော့်ကိုစိတ်ကြိုက်လုပ်ခွင့်ပေးပါတယ်။ သူတို့ကျေးဇူးကြောင့်ပဲ ကျနော်စိတ်ကြိုက်ဖန်တီးခွင့်ရခဲ့တာပါ”
“ပင်လယ်ရယ်သံတို့ ၊ “ကမောက်ကမ သမီးယောင်းမ” တို့ဆိုရင် ဟာသ၊ ပျော်ပျော်ရွှင်ရွှင်လေးပဲရေးထားတယ်။ ကမောက်ကမ သမီးယောင်းမ ဇာတ်ကားဆိုရင် မနောတို့၊ဖြူဖြူထွေးတို့လည်းပါတယ်။ တကယ့်ဟာသအပျော်လေးပဲ။ ဇာတ်ဝင်တေးရေးရတာ ပျော်ရွှင်ပါတယ်။ လွတ်လွတ်လပ်လပ်၊ပေါ့ပေါ့ပါးပါးနဲ့လုပ်ခွင့်ရလို့ အရမ်းကြိုက်ပါတယ်”လို့ဆိုပါတယ်။
အပျော်နဲ့ဟာသ၊အမြူးတွေအများဆုံးဖန်တီးတဲ့ သားစိုးမှာလည်း ဇာတ်ဝင်တေး အမှတ်တရ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကမ္ဘာကျော်ရွာမှာတော့ ကိုယ်တိုင်ငိုခဲ့ရတယ်။ နောက်ဆုံး ဇာတ်သိမ်းခန်းလေးအတွက် ဖန်တီးထားတဲ့ ဇာတ်ဝင်သီချင်းလေးဆိုရင် အဆွေးသီချင်းလေးပေါ့။ အဲဒီမှာဆို ကိုယ်တိုင်ငိုခဲ့ရတယ်။ မျက်ရည်ကျမိပါတယ်။ အမှတ်တရပေါ့”လို့ ဧရာဝတီကို ပြောပြပါတယ်။
The post ဇာတ်ဝင်တေးသီချင်းရေးရတဲ့ ခံစားချက်တွေကိုပြောပြလာတဲ့ သားစိုး” appeared first on ဧရာဝတီ.