ကနေဒါနိုင်ငံသားအဆိုတော် Justin Bieber ဟာ မော်ဒယ် Hailey Baldwinနဲ့ လက်ထပ်ပွဲ မတိုင်ခင် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
အဆိုတော် Bieber ဟာ အသက် ၂၁ နှစ်အရွယ် အမေရိကန်မော်ဒယ် Haileyနဲ့ လက်ထပ်ပွဲပြင်ဆင်နေရလို့ လက်ရှိမှာ အလုပ်များနေပြီး TMZ မီဒီယာရဲ့ အယ်ဒီတာတွေအဆိုအရကတော့ “Sorry” သီချင်းအဆိုတော် Bieber ဟာ အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့တယ်လို့ သိရှိထားရပါတယ်။
သူဟာ Green Card လို့ခေါ်တဲ့ အခြေစိုက်နေထိုင်ခွင့်ကတ်ကို အောင်အောင်မြင်မြင်ရရှိခဲ့ပြီးတဲ့နောက် အမေရိကန် နိုင်ငံမှာ နေထိုင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အဆိုတော်ဟာ သူ့ရဲ့ ကနေဒါနိုင်ငံသားအဖြစ်ကို လက်လွှတ်မှာမဟုတ်ဘဲ အမေရိကန်နိုင်ငံသားလည်း ဖြစ်လာမှာပါလို့ အဲဒီ TMZ မီဒီယာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကာလမှာ စေ့စပ်ခဲ့ကြတဲ့ Bieberနဲ့ Hailey တို့ဟာ ကနေဒါနိုင်ငံမှာ လက်ထပ်ပွဲကို ဆင်နွှဲမှာ ဖြစ်တယ်လို့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က နယူးယောက်စီးတီးမှာရှိတဲ့ လက်ထပ်မှတ်ပုံတင် တရားရုံးကနေ ပြန်လာခဲ့ပြီးတဲ့နောက် လက်ထပ်ခဲ့ကြပြီးဖြစ်တယ်ဆိုတဲ့ ကောလာဟလလည်း ထွက်ပေါ်ထားပါတယ်။
City Clerk’s Office မှာရှိတဲ့ လက်ထပ်မှတ်ပုံတင်ဗျူရိုမှာရှိတဲ့ မျက်မြင်သက်သေတွေကတော့ Bieber နဲ့ သတို့သမီးလောင်း Hailey တို့ဟာ သူတို့လာရောက်စဉ်အတွင်းမှာ လက်ထပ်ခဲ့ပြီး ဖြစ်တယ်ဆိုတဲ့ အရိပ်အမြွက်တွေ များစွာပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
သူတို့အခုမျိုး တရားရုံးလာခဲ့တာကို လျှို့ဝှက်ပေးထားတဲ့အတွက် တရားရုံးအရာရှိတဦးထံမှာ ကျေးဇူးတင်ကြောင်း ဆိုခဲ့ပြီး အခြားမျက်မြင်သက်သေတဦးကတော့ သူတို့စုံတွဲနှစ်ဦးဟာ ဟန်နီးမွန်းအဖြစ် နိုင်ငံကနေ ထွက်ခွာဖို့ ဂျက်လေယာဉ်စီစဉ်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ The Sun သတင်းစာအဆိုအရကတော့ Pop စူပါစတားဟာ သူလက်ထပ်မယ့်အချိန်မှာ ဒေါ်လာ သန်း ၂၂၀ ကျော်ဖိုး ရှိမယ့် သူ့ရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့ လက်မထပ်ခင် သဘောတူညီချက်လည်း ရထားတာ မရှိဘူးလို့ ဆိုပါတယ်။
သတင်းရင်းမြစ်တခုရဲ့အဆိုအရကတော့ သူတို့စုံတွဲနှစ်ဦးဟာ အခုလိုမျိုး တရားရုံးဆီ သူတို့နှစ်ဦး ရောက်လာခဲ့ တဲ့အကြောင်းကို သူတို့ရဲ့ မန်နေဂျာတွေနဲ့ လူထုဆက်ဆံရေးမှူးတွေဆီကိုလည်း အကြောင်းကြားခဲ့တာ မရှိခဲ့ဘဲ သူတို့ရဲ့ အဖွဲ့တွေက ငွေကြေးပိုင်းဆိုင်ရာ သဘောတူညီချက်တွေ ရဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ဟာ ဘယ်သူ့ကိုမှ မပြောကြားခဲ့သလို သူတို့ရဲ့ အဖွဲ့တွေကို စီးပွားရေးကိစ္စနဲ့ ငွေကြေးပိုင်းဆိုင်ရာ ကိစ္စတွေကို အစဉ်လိုက်လုပ်ဆောင်နိုင်ဖို့ ညွှန်ကြားခဲ့တဲ့အကြောင်းလည်း သိရပါတယ်။
မော်ဒယ် Hailey ကတော့ သူနဲ့ Bieber တို့ဟာ လက်မထပ်ရသေးဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ပြောကြားထားပါတယ်။ ဒီသတင်းဘယ်ကထွက်လာတယ်ဆိုတာ သိထားပေမယ့် အခုအချိန် လက်မထပ်ရသေးတဲ့ အကြောင်း Twitter မှာ ပြောဆိုထားပါတယ်။
Ref: aceshowbiz
The post လက်ထပ်ပွဲမတိုင်ခင် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားလိုက်တဲ့ Justin Bieber appeared first on ဧရာဝတီ.