သရုပ်ဆောင် ဒိန်းဒေါင်က ဗီဒီယိုဈေးကွက် ပျက်ကာ ရိုက်ကူးရေးတွေ နည်းသွားတာကြောင့် အနုပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေရတဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေ တော်တော် ဒုက္ခရောက်နေကြတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“လတ်တလောမှာတော့ Presenter လုပ်တာလေးတွေ ရှိတယ်။ အိပ်လိုက်၊ စားလိုက်နဲ့ ဘုရားရှိခိုးနဲ့ ဒါပဲရှိတယ်။ ဗီဒီယိုဈေးကွက် ပျက်သွားပြီးတော့ ရိုက်ကူးရေးတွေ နည်းသွားတော့ အနုပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ ဇာတ်ပို့၊ ဇာတ်ရံ အလွှာက ပုဂ္ဂိုလ်တွေ တော်တော် ဒုက္ခရောက်နေကြတယ်။ သူတို့ကိုလည်း သနားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘာပြောရမှန်း မသိဘူးဆိုတဲ့ ဘဝမျိုးကိုရောက်နေတယ်” လို့ ဒိန်းဒေါင်က ပြောပါတယ်။
“ကျနော်လည်း တခါမှမဖြစ်ဖူးဘူး။ ကားတွေတောက်လျှောက် ရိုက်လာခဲ့တာ အခု ၁ လ နားလိုက်ရတယ်။ အဲ့လိုတွေ ဖြစ်ကုန်ပြီ။ ကားရိုက် မရှိကြဘူး။ ဖြစ်ချင်ချိန်တန်တုန်းက ဖြစ်ခဲ့ပြီးပြီ။ ပျက်ချိန်တန်လို့ ပျက်တယ်လို့ပဲ ရုပ်ရှင်လောကကြီးကို ပြောချင်ပါတယ်”လို့ ဒိန်းဒေါင်က ဆိုပါတယ်။
နောက်ပိုင်း လူငယ် ဒါရိုက်တာတွေရဲ့ ရိုက်ချက်တွေ ကောင်းလာတာကြောင့် မြန်မာဇာတ်ကား အရည်အသွေးတွေမြင့်လာမယ်လို့ ဒိန်းဒေါင်က ဆိုပါတယ်။
“နောက်ပိုင်း လူငယ် ဒါရိုက်တာလေးတွေက တော်တယ်။ သူတို့ရိုက်ချက်လေးတွေ ကောင်းလာလေ မြန်မာဇာတ်ကား အရည်အသွေးတွေ မြင့်မားလာတယ်။ အဲ့လို ကလေးတွေကို ကန်တော့ပွဲနဲ့တောင် လှမ်းဖိတ်ပြီး ခေါ်လိုက်ချင်တယ်။ ကြိုဆိုတယ်” လို့ ဒိန်းဒေါင်က ပြောပါတယ်။
ဆက်လက်ပြီး ဒိန်းဒေါင်က “မီဒီယာတွေက ကျနော်တို့လို အနုပညာရှင်တွေအတွက် မရှိမဖြစ်ပါ။ ဒါပေမယ့် ကျနော် ဖြေလိုက်တဲ့ စကားတွေ ကို ဖြတ်ဖြတ်ပြီး ခေါင်းစဉ်ကို အတို အစလေးတွေ တင်တာ ကျနော်တို့လို အနုပညာရှင်တွေ အဆဲခံရတာတွေ အများကြီးရှိတယ်။ အွန်လိုင်းမီဒီယာတွေ တော်တော်များများက အဲ့လိုတွေတင်တော့ ကျနော်တို့မှာ အဆဲခံရပြန်ရော။ တခါလေ အဲ့ စာတန်း တတန်းဟာ လူတယောက်ရဲ့ အသည်းနှလုံးကို ဘယ်လောက်ထိ ထိနိုင်လဲဆိုတာ မသိကြဘူး။ ဘာပဲလုပ်လုပ် ဘာပဲပြောပြော အဲ့နေရာမှာ ငါသာဆိုတဲ့ စိတ်လေးထားကြပါလို့ ပြောချင်ပါတယ်”လို့ ဒိန်းဒေါင်က ပြောပါတယ်။
ဒိန်းဒေါင်ဟာ လက်ရှိမှာတော့ ရန်ကုန် လူရွှင်တော်အသင်းရဲ့ ဥက္ကဋ္ဌတဦး ဖြစ်ပြီး “၂၄ နာရီ ၁ ချစ်” ဆိုတဲ့ ရုပ်ရှင်မှာ သရုပ်ဆောင် အောင်ရဲလင်းရဲ့ သူငယ်ချင်းနေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။
The post “ဗီဒီယိုဈေးကွက် ပျက်လို့ ဇာတ်ပို့၊ ဇာတ်ရံတွေ ဒုက္ခရောက်နေကြတယ်” appeared first on ဧရာဝတီ.