ဟောလိဝုဒ်ရဲ့ နွေရာသီကာလ နာမည်ကျော်ရုပ်ရှင်တွေ ပြသတဲ့ ရာသီဟာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး ဆောင်းဦးရာသီ အစမှာတော့ Universal Pictures ထုတ်လုပ်ရေးရဲ့ “The House With a Clock in Its Walls” ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ မြောက်အမေရိကရုံဝင်ငွေ စာရင်းနဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့တာ တွေ့ရပါတယ်။
Variety မီဒီယာရဲ့ သတင်းထုတ်ပြန်ချက်အရ အရောင်းရဆုံး ကလေးကြိုက်စာအုပ်ကို အခြေခံထားပြီး ဒါရိုက်တာ Eli Roth ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်ဟာ ပွဲဦးထွက်သီတင်းပတ်မှာပဲ ခန့်မှန်းထားတာထက် ဝင်ငွေကောင်းခဲ့တာကို တွေ့ရပါတယ်။ သရုပ်ဆောင်တွေအဖြစ် ဟာသမင်းသား Jack Black နဲ့ မင်းသမီး Cate Blanchett တို့ ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ ပထမဆုံး အဖွင့်သီတင်းပတ်မှာပဲ ဒေါ်လာ ၂၆ ဒဿမ ၈ သန်းရရှိခဲ့တာကို တွေ့ရပါတယ်။
Universal ရဲ့ ပြည်တွင်းဖြန့်ချိရေး အကြီးအကဲ Jim Orr က “ပြောရမယ်ဆိုရင် ကျနော်တို့ ကျေနပ်ရတာထက်ကို ပိုပါတယ်။ ဆောင်းဦးရာသီကာလရဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နိုင်တာ ကြီးကျယ်လွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါရိုက်တာ Paul Feig ကရိုက်ကူးထားပြီး မင်းသမီး Blake Lively ဦးဆောင်ပါဝင်ထားတဲ့ “A Simple Favor” ရုပ်ရှင်ကတော့ ရုံတင်ပြီး ဒုတိယမြောက် သီတင်းပတ်မှာ ဒေါ်လာ ၁၀ ဒဿမ ၄ သန်းနဲ့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။ သီတင်းနှစ်ပတ်ပေါင်းဝင်ငွေ ဒေါ်လာ ၃၂ ဒဿမ ၅ သန်း ရရှိထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ ကျန်ရှိတဲ့ ထိပ်တန်းရုပ်ရှင် ၅ ခုအကြောင်း ပြောရမယ်ဆိုရင် “The Nun” ရုပ်ရှင်က တတိယနေရာမှာ ရှိနေပြီး တတိယမြောက်သီတင်းပတ်မှာ ဒေါ်လာ ၁၀ ဒဿမ ၂၅ သန်း ဝင်ငွေရရှိခဲ့ပါတယ်။ အခုအချိန်အထိ ဆိုရင်တော့ မြောက်အမေရိကဒေသတွင်း ရုံဝင်ငွေ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာပါ ရုံတင်နေတဲ့ “The Predator” ရုပ်ရှင်ကတော့ ဒေါ်လာ ၈ ဒဿမ ၇ သန်းနဲ့ နံပါတ် ၄ နေရာမှာ ရှိနေပြီး နှစ်ပတ်ပေါင်း ဝင်ငွေ ဒေါ်လာ ၄၀ ဒဿမ ၄ သန်း ရရှိထားပြီးလည်း ဖြစ်ပါတယ်။
နံပါတ် ၅ နေရာမှာ ရှိနေတဲ့ ရုပ်ရှင်ကတော့ ဆဋ္ဌမမြောက် သီတင်းပတ်အဖြစ် ရုံတင်တဲ့ “Crazy Rich Asians” ရုပ်ရှင်ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၆ ဒဿမ ၅ သန်း ရှိပါတယ်။ စုစုပေါင်း မြောက်အမေရိက ဒေသတွင်း ဝင်ငွေ ကတော့ ဒေါ်လာ ၁၅၃ ဒဿမ ၄ သန်း ရှိသွားပြီဖြစ်ပါတယ်။
ဒါရိုက်တာ Michael Moore ရဲ့ အမေရိကန်သမ္မတ ထရန့်အကြောင်း မှတ်တမ်းရုပ်ရှင် “Fahrenheit 11/9” ကို ဒီသတင်းပတ်မှာ စတင်ရုံတင် ပြသခဲ့ပြီး စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၃ ဒဿမ ၁ သန်းနဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။
Ref: etcanada
The post ရုံဝင်ငွေ စာရင်းမှာ နံပါတ် ၁ နေရာရောက်နေတဲ့ “The House With A Clock In Its Walls” ရုပ်ရှင် appeared first on ဧရာဝတီ.