မြန်မာပြည်က တိုင်းရင်းသားတွေဟာ အခြေအနေကြောင့် ရေမြေရပ်ခြားရောက်နေရပေမယ့် အရည်အချင်း ညံ့ဖျင်းသူတွေတော့ မဟုတ်ကြပါဘူး။
အခုလည်း Swedish Idol မှာ ဝင်ပြိုင်ရင်း ပရိသတ်တွေဆီက အားပေးမှုအများကြီးရခဲ့သူတဦးရှိပါတယ်။ သူ့နာမည်က စောကီစိုး (Saw Ki Soe) လို့ သိရပါတယ်။ လူတွေ့ရွေးချယ်ပွဲမှာကတည်းက ဂီတာလေးလွယ်ပြီး ရိုးရိုးကုပ်ကုပ်နဲ့ ဝင်လို့ ဒိုင်တွေရဲ့မေးခွန်းတွေကို ဖြေဆိုခဲ့သူပါ။ သူ့နာမည်က စောကီစိုးဖြစ်ပြီး ကရင်လူမျိုးတဦးပါ။
ဆွီဒင်နိုင်ငံက Hallsberg လို့ခေါ်တဲ့ မြို့သေးသေးလေးကနေ လာရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အသက်က ၁၆ နှစ်ပဲ ရှိပါသေးတယ်။ Redbone ရဲ့ Childish Gambino သီချင်းနဲ့ Audition အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
သီချင်းအဆုံးမှာ ဒိုင်တွေရဲ့ သဘောကျတဲ့မှတ်ချက်တွေ လက်ခံရရှိခဲ့ပါတယ်။ အဖွဲ့လိုက်ယှဉ်ပြိုင်မှုမှာလည်း အခြားသူတွေ စိတ်လှုပ်ရှားနေတဲ့အချိန်မျိုးမှာ ကီစိုးက စိုးရိမ်လှုပ်ရှားမှုမရှိဘဲ သူချစ်ခင်တဲ့ ဂီတကို ရိုးရိုးရှင်းရှင်း ပုံဖော်ထားပါတယ်။
သူ့ရဲ့ အရည်အချင်းကြောင့် ဆန်ခါတင်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။ Sam Smith ရဲ့ “I’m not the only one” , Christina Perry ရဲ့ “A thousand Years” စတဲ့ သီချင်းတွေနဲ့ ယှဉ်ပြိုင်ထားတာကိုလည်း youtube မှာ ကြည့်ရှုနိုင်ပါတယ်။
ဒီပြိုင်ပွဲဟာ လက်ရှိမှာ ယှဉ်ပြိုင်နေဆဲဖြစ်ပြီး စောကီစိုးအနေနဲ့လည်း အဆင့်တွေတော်တော်တက်လှမ်းနိုင်တာကြောင့် ကရင်လူမျိုးတွေကတော့ ဂုဏ်ယူနေကြပါတယ်။ သူ့ကိုအားပေးတဲ့ မြန်မာပြည်က ပရိသတ်တွေလည်း တော်တော်များများ ရှိနေပါပြီ။
Swedish Idol ဟာ TV4 ကထုတ်လွှင့်တဲ့ အစီအစဉ်ဖြစ်ပြီး ဆွီဒင်နိုင်ငံမှာလည်း နာမည်ကြီးဖျော်ဖြေရေး အစီအစဉ် တခုဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်အထိ ရပ်တည်နေနိုင်တာကြောင့် အောင်မြင်မှုကို ကြာရှည်ထိန်းထားနိုင်တယ်လို့လည်း အချို့က မှတ်ချက်ပေးကြပါတယ်။
နိုင်ငံအနှံ့က အရည်အချင်းရှိ အဆိုပညာရှင်တွေကို ရွေးထုတ်ပေးတဲ့ ဒီလိုအစီအစဉ်မျိုးမှာ ကရင်လူမျိုးတယောက်အနေနဲ့ အဆင့်မြင့်တဲ့အထိ တက်လှမ်းနိုင်တာကြောင့် ကီစိုးရဲ့ပရိသတ်တွေကတော့ ဂုဏ်ယူနေမယ်ထင်ပါတယ်။
The post YouTube မှာ လူကြည့်များနေတဲ့ ကရင်ကောင်လေးရဲ့ Swedish Idol ဝင်ပြိုင်မှု appeared first on ဧရာဝတီ.