အသံချိုချိုလေးနဲ့ သီချင်းအေးအေးတွေ သီဆိုတတ်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက ခွေမထွက်တာ တနှစ်လောက် ရှိပြီဖြစ်တာကြောင့် “မယ်သီတာ” Music Video ထွက်ဖို့ ရှိသလို နောက်ထပ် Single ခွေလည်း ထွက်ဖို့ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အခုလက်ရှိတော့ မယ်သီတာ Music Video ထွက်ဖို့ ရှိတယ်။ Birthday Show ကို ဘယ်လ ထွက်ဖြစ်မလဲဆိုတာ စောင့်နေတယ်။ နောက်ထပ် Single ခွေလေး လုပ်နေတယ်။ သီချင်းတိုင်း လိုလို အားရတယ်။ အနားမှာရှိတဲ့ သူတွေ နားထောင်ခိုင်းတာလည်း အကုန်လုံးက တခွေလုံးနီးပါး ကြိုက်ကြတယ်။ ရှေ့မှာ ၂ ခွေ ရှိနေလို့ အဲ့ခွေထွက်ချင်နေပြီ။ နောက်နှစ်ထဲမှာ ထွက်ဖို့တော့ ပြင်ဆင်နေတယ်။ Music ပိုင်းကို ကိုယ်တိုင်အားထည့်ပြီး လုပ်ရတယ်။ ဝိုင်းစု ပရိသတ်တွေကလည်း သီချင်းလေးတွေ တောင်းဆိုနေပြီ”
“တနှစ်လောက်ရှိပြီ ခွေမထွက်တာ အဲ့အတွက် အွန်လိုင်းကနေတင်ပေးဖို့ကိုလည်း စဉ်းစားနေတယ်။ ဝိုင်းစုကလည်း တပုဒ်တည်း တင်နေကျ မဟုတ်တော့ ဘယ်လိုဖြစ်မလဲ တိုင်ပင်နေတယ်။ အခုဆိုရင် လုပ်ချင်တာတွေကို ကိုအောင်လနဲ့ တိုင်ပင်ဖြစ်တယ်။ ဘာလိုချင်တယ်ဆိုတာကို သူ့ကိုပြောဖြစ်တယ်။ သူ့ဆီကနေလည်း ပညာတွေ လေ့လာနေပါတယ်”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။
ဒိုင်အဖြစ် လာပြောကြပေမယ့် မလုပ်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဝိုင်းစုကိုလည်း Judge လုပ်တာ မကြိုက်ဘူး။ သူများကိုလည်း Judge မလုပ်ချင်ဘူးလို့ ဆိုပါတယ်။
“အခုက ခွေရောင်းရတာ မရတာကို ကြည့်လို့ မရတော့ဘူးပေါ့နော်။ ဝိုင်းစု ပရိသတ်တွေက ဝိုင်းစု သီချင်းလေးတွေကို ပရိသတ်တွေ နားထောင်တယ်။ ကြိုက်တယ်ဆိုရင် ကျေနပ်တယ်။ ဒီခေတ်ကြီးမှာ ခွေမရောင်းရရင်တော့ ရှုံးတာပေါ့နော်။ အရှုံးခံပြီးတော့ ထွက်ရတာပေါ့။ ဝိုင်းစု ငယ်ငယ်တည်းက ဝါသနာပါလို့ လုပ်တာ။ ကိုယ်လုပ်တဲ့ အနုပညာကို ကိုယ့်ပရိသတ်တွေ အားပေးတယ်။ ကြိုက်တယ်ဆိုရင် ဝိုင်းစု ကျေနပ်ပြီ”
“ဝိုင်းစု ဇာတ်ကား မရိုက်ဖြစ်တာ ၃ နှစ်ကျော် သွားပြီ။ ဒီဂီတဘက်မှာ ကိုယ်တိုင်ဦးစီးပြီး လုပ်ရတာ ကိုအောင်လရှိတော့ တိုင်ပင်ပြီး လုပ်ဖြစ်တယ်။ ဇာတ်ကားတွေ အတွက်က group နဲ့ လုပ်ရတယ်။ အချိန် ပိုပေးရတယ်။ အဲ့ခါကျတော့ သီချင်းသွားဆိုနေရင်လည်း အဆင်မပြေဘူး”လို့ ဝိုင်းစုက ဆိုပါတယ်။
“သီချင်းဆို ပြိုင်ပွဲတွေအတွက် ဒိုင်လုပ်ဖို့တော့ ခေါ်တယ်။ ၃၊ ၄ ခုခေါ်တယ်။ မလုပ်ဖြစ်တာ။ ဝိုင်းစုကိုလည်း Judge လုပ်တာ မကြိုက်ဘူး။ သူများကိုလည်း Judge မလုပ်ချင်ဘူး။ အားလုံးက ကိုယ့်ပညာ၊ ကိုယ့်အရည်အချင်းနဲ့ ရှိပြီးသားပေါ့။ ဒီနေရာမှာ မကျွမ်းကျင်နေပေမယ့် တခြားနေရာမှာ ကျွမ်းကျင်ရင် ကျွမ်းကျင်နေမယ်။ လူတိုင်းကတော့ တနေရာထဲမှာ perfect မဖြစ်နေဘူး”လို့လည်း ဝိုင်းစုက ပြောပါတယ်။
သီချင်းဆိုပြိုင်ပွဲတွေ များလာတဲ့ အပေါ်ကိုလည်း အဆိုတော် တယောက်အနေနဲ့ ဘယ်လိုမြင်မိလဲဆိုတဲ့ အမေးကိုလည်း ဝိုင်းစုခိုင်သိန်းက အခုလိုပဲ ဖြေပါတယ်။
“ပြိုင်ပွဲတွေ များလာတာလည်း ကောင်းပါတယ်။ ဒါပေမယ့် အဆိုတော်တွေများလာတယ်။ တယောက်နဲ့ တယောက် ထိုးဖောက်ဖို့ ခက်တာပေါ့။ အဲ့ထဲမှာ တစိုက်မတ်မတ် လုပ်တဲ့သူ၊ အားထည့်ပြီး လုပ်တဲ့သူ၊ ကိုယ်ပိုင် ဉာဏ်စွမ်းရှိတဲ့သူ အောင်မြင်မှာပေါ့။ ကြိုးစားရင်တော့ အောင်မြင်မှာပါ။ ဝိုင်းစုလည်း ကြိုးစားနေတယ်။ သေမှပဲ ကြိုးစားမှုက ရပ်မှာပေါ့” လို့ ဝိုင်းစုခိုင်သိန်း ကပြောပါတယ်။
ဝိုင်းစုခိုင်သိန်းဟာ “မက်လောက်စရာ”၊ “မျက်လှည့်”၊ “အာဘွား”၊ “ဂါ”၊ “မယ်သီတာ” တေးစီးရီးများကို ထွက်ရှိခဲ့ပြီး ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးခဲ့သူ တယောက်ပါ။
The post “သူများကို Judge မလုပ်ချင်လို့ သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်မလုပ်ဖြစ်ပါဘူး” appeared first on ဧရာဝတီ.