ကိုရီးယားမင်းသား Song Joong Ki ဟာ Chuseok ပွဲတော် ပိတ်ရက် နောက်ဆုံးနေ့မှာ ပရဟိတ လုပ်ငန်းတွေကနေ တဆင့် တခြားသူတွေထံ မေတ္တာမျှဝေပေးခဲ့တာကို တွေ့ရပါတယ်။
“Asadal Chronicles” ဇာတ်လမ်းတွဲ မှာ ဦးဆောင်ပါဝင်မယ့် မင်းသား Song ဟာ သူ့ရဲ့များပြားတဲ့ အချိန်ဇယားတွေ ကနေ ခဏ အနားယူပြီး အိမ်ခြေမဲ့တွေ နေထိုင်ရာနေရာဆီကို သွားရောက် လည်ပတ်ခဲ့ကာ အိမ်ခြေမဲ့တွေအတွက် အစားအသောက်တွေလည်း ထောက်ပံ့ပေးခဲ့ပါတယ်။
အခုလိုမျိုး မင်းသားရဲ့ ရက်ရက်ရောရော ကူညီမှုတွေကို အဲဒီပိတ်ရက်တွေအတွင်းမှာ စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့တဲ့ မော်ဒယ် Park Young Sun နဲ့ ရုပ်သံတင်ဆက်သူ Ahn Hyun Mo တို့တင်ခဲ့တဲ့ ဓာတ်ပုံတွေကနေ တဆင့်မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
မော်ဒယ် Park က လိုအပ်နေသူတွေအတွက် နေ့လယ်စာထမင်းဘူးတွေ ပြင်ဆင်ပေးနေတဲ့ မင်းသားနဲ့အတူ ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို အွန်လိုင်းပေါ် တင်ရာမှာတော့ သူက “Chuseok နောက်ဆုံးရက်မှာ ကျမတို့ဟာ အိမ်ခြေမဲ့ရိပ်မြုံတခုမှာ စေတနာ့ဝန်ထမ်း ပြုလုပ်ခဲ့ကြပါတယ်” လို့ ပုံစာရေးသားခဲ့ပါတယ်။
ဒါ့အပြင် ရုပ်သံအစီအစဉ် တင်ဆက်သူ Ahn ကလည်း တူညီတဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းခွင် တခုမှာ မင်းသားနဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတခုကို Instagram မှာတင်ပြီး မင်းသားကို လေးစားဂုဏ်ယူတဲ့အကြောင်း ဖော်ပြပြောဆိုခဲ့ပါတယ်။
သူက “သာယာတဲ့ ဘဝတခုမှာ နေထိုင်ခဲ့ပြီးတဲ့ နောက်၊ ဒီလိုနေ့မျိုး ရောက်လာလိမ့်လို့ ကျမ ဘယ်တုန်းကမှ မသိခဲ့ပါဘူး။ ကျမက Song Joong Ki ရဲ့ဘေးမှာ ဟင်းတွေ ထည့်ပေးနေတာပါ။ သူဟာ နေမင်းထံကနေ ဆင်းသက်လာသူသာမက နတ်သားတပါးအဖြစ် ဆင်းသက်လာသူလည်း ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
မင်းသား Song ရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment ကတော့ အခုလိုမျိုး ပရဟိတ စေတနာ့ဝန်ထမ်း အဖြစ် လုပ်ဆောင်မှုကို မသိရှိခဲ့ရဘဲ မင်းသားက ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်ခဲ့တာသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အင်တာနက်အသုံးပြုသူတွေကတော့ မင်းသားရဲ့ စိတ်ထားမွန်မြတ်ပုံနဲ့ ကောင်းမှုတဲ့ ကုသိုလ်တွေ အတွက် ချီးကျူး ပြောဆိုခဲ့ကြပါတယ်။
မင်းသား Song ဟာ လာမယ့်နှစ်မှာပြသမယ့် Asdal Chronicle ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ထားပြီး နာမည်ကျော် Descendants of the Sun ဒရမ်မာ နောက်ပိုင်း ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ ဒရာမာလည်း ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တခုမှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ မင်းသား Song Joong Ki
လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် ဒရာမာဇာတ်လမ်းတွဲမှာ ပါဝင်မယ့် ထိတ်ထိတ်ကြဲ ၃ ယောက်
Ref: hellokpop
The post ပွဲတော်ရက်ကို ပရဟိတလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ မင်းသား Song Joong Ki appeared first on ဧရာဝတီ.