နိုင်ငံတကာနဲ့ ကိုရီးယားရဲတပ်ဖွဲ့တို့ရဲ့ မစ်ရှင်တခုအကြောင်း ဇာတ်အိမ်တည်ထားပြီး ၂၀၁၇ ခုနှစ်မှာ ရုံဝင်ငွေ ကောင်းခဲ့တဲ့ “Confidential Assignment” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kim Sung-hoon က လာမယ့်လမှာ “Rampant” ရုပ်ရှင်နဲ့အတူ ပြန်လာတော့မှာဖြစ်ပါတယ်။
၁၃၉၂ ခုနှစ်နဲ့ ၁၉၁၀ ခုနှစ်ကြားမှာ ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားတဲ့ အဲဒီ့အက်ရှင်ရုပ်ရှင်မှာတော့ မသေမရှင် မကောင်းဆိုးဝါးတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်မှုကို အခွင့်ကောင်းယူပြီး တနိုင်ငံလုံးကို ဖြိုဖျက်ဖို့ ကြိုးစားမယ့် မကောင်းဆိုးဝါး အမျိုးသားတဦးကို သွေးချောင်းစီးတိုက်ပွဲနဲ့ တိုက်ခိုက်မယ့် မင်းသားတပါး အကြောင်း ဇာတ်အိမ်တည်ထား ပါတယ်။
အခုရုပ်ရှင်မှာတော့ လူတွေကိုကိုက်ပြီး သွေးစုပ်တဲ့ မကောင်းဆိုးရွားတွေကို ဇာတ်အိမ်တည်ထားတဲ့ ပထမဆုံး ဂျိုဆွန်းခေတ် နောက်ခံရုပ်ရှင်ဖြစ်ပါတယ်။ အဲဒီမကောင်းဆိုးဝါးတွေဟာ ညဖက်မှာပဲ လှုပ်ရှားကြတာပါ။ အသစ်အဆန်း လို့တော့ မပြောနိုင်ပေမယ့် အခြားရုပ်ရှင်တွေထဲမှာ ပါဝင်တဲ့ မကောင်းဆိုးဝါး တွေနဲ့တော့ ခြားနားပါတယ်။
ဒီရုပ်ရှင်မှာတော့ “Confidential Assignment” ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသား Hyunbin က ပါဝင်ထားတာ ကိုတွေ့ရပါတယ်။ သူဟာ အခုလိုမျိုး အကျပ်အတည်းကနေ နိုင်ငံကို ကယ်တင်ဖို့ တိုင်းတပါးမှာ ဓားစာခံအဖြစ် ရောက်ရှိနေခဲ့ရာကနေ ပြန်လာခဲ့တဲ့ ဂျိုဆွန်းခေတ်မင်းသားနဲ့ ဓားသမား Lee Chung အဖြစ် သရုပ်ဆောင်ထားပါတယ်။
မင်းသားရဲ့ အဆိုအရ ဂျိုဆွန်းခေတ်မှာ ဇာတ်အိမ်တည်ထားပြီး Night Demons (ညဖက်မှာထွက်တဲ့ မကောင်းဆိုးဝါးတွေ) ရဲ့ခြိမ်းခြောက်မှုကနေ ဖန်တီးခဲ့တဲ့ တင်းမာမှုနဲ့ တွန်းလှန်မှုတို့ထဲမှာ သူ့ရဲ့ဇာတ်ကောင်က ပါဝင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ဇာတ်ကောင်က လူတွေနဲ့ တွေ့ချိန်၊ မကောင်းဆိုးဝါးတွေနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ချိန်မှာ ပြောင်းလဲမှုတွေကိုလည်း သဘောကျတယ်လို့ဆိုပါတယ်။
ဒါရိုက်တာရင်လို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ဝါရင့်မင်းသား Jang Dong-gun က နိုင်ငံကို ထိန်းချုပ်ဖို့ မင်းသားအနေနဲ့ လျှို့ဝှက်အကြံအစည်ရှိတယ်လို့ ထင်နေတဲ့ ဘုရင် Kim Ja-joon အဖြစ် ဗီလိန်နေရာမှာ ပါဝင်ထားပါတယ်။ အခုလိုမျိုး ရုပ်ရှင်မှာ ပါဝင်ဖို့ ရွေးချယ်လိုက်ရတာဟာ Hyunbin ကြောင့်လည်း ပါဝင်တယ်လို့ မင်းသား Jang က ပြောဆိုထားပါတယ်။
ရုပ်ရှင် ရိုက်ကွင်းမှာတော့ ဆန့်ကျင်ဖက် ဇာတ်ရုပ်တွေ ဖြစ်နေရပေမယ့် Hyunbin နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတဦး ဖြစ်တာကြောင့် သူနဲ့အတူ အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။
ဇာတ်လမ်းအကြောင်းအရာကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် ဇာတ်အိမ်ကို ဂျိုဆွန်းနိုင်ငံတော်ကို “Night Demons” လက်ကနေ တိုက်ခိုက်ကယ်တင်မယ့် Lee Chung ကိုအခြေခံထားပါတယ်။ သူဟာ ဘုရင့် သားတော်တပါး ဖြစ်တဲ့အပြင် ကမ္ဘာပေါ်က အကြီးကျယ်ဆုံးသိုင်းသမားတဦးလည်း ဖြစ်ပါတယ်။
နိုင်ငံရေး ဓားစာခံတယောက်အနေနဲ့ ချင်နိုင်ငံတော်ကို ရောက်ရှိနေခဲ့ပြီး အိမ်ရှေ့စံ Lee Young က တိုင်းပြည်ကို ပြန်လာဖို့ ခေါ်လို့ ပြည်တော်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ညဖက်မှာ ထွက်တဲ့ မကောင်းဆိုးဝါးတွေကြောင့် တိုင်းပြည်မှာ ကပ်ဆိုက်နေပြီး ဘုရင့်သားတော် Lee Chung က အဲဒီမကောင်းဆိုးဝါးတွေကို ဖျက်ဆီးရဖို့ ဖြစ်လာခဲ့ပါတယ်။
မင်းသား Lee ဟာ မိမိအပေါ်အထင်လွဲနေတဲ့ မင်းကြီး Kim Ja Joon နဲ့ Deok-hee ဆိုတဲ့ မိန်းကလေးတို့နဲ့အတူ အဲဒီမကောင်းဆိုးဝါးတွေကို နှိမ်နှင်းရမှာဖြစ်ပါတယ်။
နာမည်ကျော် သမိုင်းနောက်ခံရုပ်သံဒရမ်မာ “Mr. Sunshine” မှာပါဝင်ထားတဲ့ Cho Woo-jin နဲ့ Kim Eui-sung တု့ိကလည်း ဘုရင့်တပ်မတော်အရာရှိနဲ့ ဂျိုဆွန်းဘုရင် အီဂျိုအဖြစ် ပါဝင်ထားကြပါတယ်။
လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ သမိုင်းနောက်ခံနဲ့ ထူးခြားဆန်းကြယ် ရုပ်ရှင်တွေကို နှစ်သက်တဲ့ ပရိသတ်တွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။
Ref: yonhapnews
The post ဂျိုဆွန်းခေတ်က သွေးစုပ်ဖုတ်ကောင်တွေအကြောင်း ရိုက်ကူးထားတဲ့ ‘Rampant’ ရုပ်ရှင် appeared first on ဧရာဝတီ.