လုံခြုံရေးဟာကွက်တခုကြောင့် အကောင့်ရေ သန်း ၅၀ ကျော်ကို ဟက်ကာတွေ ဝင်ရောက်နိုင်ခဲ့ကြောင်း Facebook က သတင်းထုတ်ပြန်လိုက်ပါတယ်။ Facebook မှာပါတဲ့ “View As” feature ရဲ့ အားနည်းချက်ကို အသုံးပြုပြီး တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လုံခြုံရေးကျိုးပေါက်မှုကို အင်္ဂါနေ့က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီးဖြစ်တယ်လို့လည်း Facebook က ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုခံခဲ့ရသူ User သန်း ၅၀ ကျော်အပြင်၊ နောက်ထပ် User သန်း ၄၀ ကျော်ကိုလည်း စိတ်ချရအောင် သောကြာနေ့က အကောင့် Log-in ပြန်ဝင်ခိုင်းခဲ့ပြီး၊ စုစုပေါင်း User သန်း ၉၀ ကျော်လောက် Log-in ပြန်ဝင်ပေးခဲ့ရပါတယ်။
User တွေအနေနဲ့ Password ပြောင်းစရာမလိုသလို၊ Facebook ဘက်က အဆိုပါအားနည်းချက်ကိုလည်း ပြင်ဆင်ပေးပြီးဖြစ်ကြောင်း ကုမ္ပဏီရဲ့ Product Management ဒု-ဥက္ကဋ္ဌဖြစ်သူ Guy Rosen က ဆိုပါတယ်။
ယခုလုံခြုံရေးကျိုးပေါက်မှုကြောင့်လည်း Facebook ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ သောကြာနေ့မှာ ၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။
ဟက်ကာတွေအနေနဲ့ ယခုလုံခြုံရေးကျိုးပေါက်မှုကနေ Facebook စနစ်အသုံးပြုတဲ့ တခြားအကောင့်တွေကိုလည်း ဝင်ရောက်နိုင်ခဲ့ကြောင်း သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီထဲမှာ AirBnB နဲ့ Tinder တို့လို လူသုံးများတဲ့ ဝဘ်ဆိုဒ်ကြီးတွေလည်း ပါဝင်နေနိုင်ပါတယ်။
ယခုတိုက်ခိုက်မှုမှာ User သန်း ၅၀ ကျော်ရဲ့ အကောင့်တွေ ပါဝင်သွားခဲ့တယ်ဆိုပေမယ့်၊ ဘယ်နိုင်ငံ၊ ဒေသက User တွေလည်း ဆိုတာကိုတော့ Facebook က မပြောသွားခဲ့ပါဘူး။
“ အခုမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတာဆိုတော့၊ အဆိုပါအကောင့်တွေကို ဟက်ကာတွေဘက်က တလွဲအသုံးချ သွားခဲ့လား ဒါမှမဟုတ် တခြားသတင်းအချက်အလက်တွေကို ရယူသွားခဲ့လားဆိုတာကို သေချာမသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုတွေကို ဘယ်သူတွေ၊ ဘယ်နေရာက လုပ်ခဲ့တယ်ဆိုတာလည်း မသိရသေးပါဘူး” လို့ Facebook CEO Mark Zuckerberg က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ယခုတိုက်ခိုက်မှုမှာ အသုံးပြုသွားတဲ့ “View As” feature ဟာ ကိုယ့်ပရိုဖိုင်ကို တခြားသူတဦးပုံစံ စမ်းသပ်ကြည့်ရှုလို့ရတဲ့ feature ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ feature ကနေ Facebook အကောင့်တွေရဲ့ Security Token တွေကို ရသွားခဲ့ပုံပေါ်ပြီး၊ အကောင့်တွေကို အပြည့်အဝ ဝင်ရောက်အသုံးချနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။
အဆိုပါ Access Tokens တွေဟာ မိုဘိုင်းအသုံးပြုသူတွေအနေနဲ့ အကောင့်ကို နောက်တကြိမ် Password ရိုက်စရာ မလိုဘဲ၊ ပြန်ဝင်အသုံးပြုလို့ရအောင် ထုတ်ပေးထားတဲ့ Digital Keys တွေ ဖြစ်ပါတယ်။
Facebook အကောင့်ကို အပြည့်အဝဝင်ရောက်အသုံးပြုနိုင်ခဲ့တာကြောင့်၊ Facebook နဲ့ ချိတ်ဆက်ထားတဲ့ Third-party App တွေကိုပါ ဟက်ကာတွေအနေနဲ့ အသုံးပြုသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လောလောဆည်မှာ “View As” feature ကိုပါ စစ်ဆေးနေစဉ်အတွင်း ခေတ္တဖြုတ်ထားတယ်လို့လည်း Facebook က ပြောကြားသွားခဲ့ပါတယ်။
Ref: The Verge, BBC
The post ဟက်ကာတိုက်ခိုက်မှုကြောင့် Facebook အကောင့် သန်း ၅၀ ကျော် ပါဝင်သွားခဲ့ appeared first on ဧရာဝတီ.