“The Great Battle” ရုပ်ရှင်ကတော့ တောင်ကိုရီးယား ရုပ်ရှင်ရုံဝင်ငွေ စာရင်းမှာ ဒုတိယမြောက် သီတင်းပတ်အနေနဲ့ ပရိသတ် ၈ သိန်းကျော် ကြည့်ရှုပြီး ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာကို တွေ့ရပါတယ်။
ရှေးခေတ်စစ်ပွဲနောက်ခံ ရုပ်ရှင်ဟာ ရုံတင်ပြသရက် ၁၂ ရက်ရှိလာချိန်မှာ ကြည့်ရှုသူ ပရိသတ် ၄ ဒဿမ ၅၂ သန်း ရှိလာပြီလို့ ကိုရီးယားရုပ်ရှင် ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာ ဖော်ပြထားပါတယ်။
ခရစ်နှစ် ၆၄၅ ခုနှစ်ကို အခြေတည်ထားတဲ့ အဲဒီရုပ်ရှင်မှာတော့ နာမည်ကျော် မင်းသားတွေ ဖြစ်တဲ့ Jo In-sung, Nam Joo-hyuk နဲ့ Park Sung-woong တို့ပါဝင်ထားကြပါတယ်။ တန်နိုင်ငံတပ်ဖွဲ့တွေရဲ့ ကျူးကျော်မှုကို ဟန့်တားရမယ့် ၈၈ ရက်ကြာစစ်ပွဲကို ဇာတ်အိမ်တည် ရိုက်ကူးထားပါတယ်။ အဲဒီရုပ်ရှင်ထဲ မှာ စစ်သူကြီး Yang Man-chun နဲ့ သူ့ရဲ့ ဦးရေ ၅၀၀၀ ရှိတယ် ဂိုဂူလျောတပ်ဖွဲ့ဟာ တရုတ်တန်နိုင်ငံရဲ့ ကျူးကျော်သူတွေကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြရပါတယ်။
ဂိုဂူလျော နိုင်ငံတော်ကတော့ ကိုရီးယားရှေးဟောင်း ဘုရင့်နိုင်ငံတော် ၃ ခုထဲက တခုဖြစ်ပြီး ၁ ရာစု ကနေ ၇ ရာစုအထိ ရပ်တည်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ် အလယ်ပိုင်းကနေ ယနေ့ခေတ် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း အထိ အင်အား ကျယ်ပြန့်ခဲ့ပါတယ်။
ဒုတိယနေရာမှာ ရပ်တည်နေတာကကတော့ မင်းသား Hyunbin နဲ့ မင်းသမီး Son Ye-jin တို့ ဦးဆောင် ပါဝင်ထားတဲ့ “The Negotiation” ဆိုတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဒုတိယမြောက် သီတင်းပတ်မှာ ပရိသတ် ၃ သိန်းကျော် ကြည့်ရှုခဲ့ကြတဲ့ အဲဒီရုပ်ရှင်ဟာ သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင်ကား ဖြစ်ပြီး ဘန်ကောက်မြို့မှာ အခြေစိုက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နိုင်ငံတကာလက်နက်ကုန်သည် တဦးထံကနေ ဓားစာခံနှစ်ဦးကို ကယ်တင်ဖို့ ကြိုးပမ်းရမယ့် ရဲတပ်ဖွဲ့ညှိနှိုင်းရေးမှူးတဦးရဲ့ အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထာ ပါတယ်။
“Feng Shui” ရုပ်ရှင်ကတော့ ကြည့်ရှုသူ ၂ သိန်းကျော် ရှိထားပါတယ်။ ဂျိုဆွန်းခေတ်မှာ နိုင်ငံကို ထိန်းချုပ်ထားတဲ့ Kim မိသားစုရဲက လွှမ်းမိုးမှုကို အဆုံးသတ်ဖို့ ဘုရင့်ဦးရီးတော်ထံ ချဉ်းကပ် လှုပ်ရှားခဲ့တဲ့ ပါရမီရှင်ဖုန်းရွှေကျွမ်းကျင်သူတဦး အကြောင်း အခြေတည်ထားတဲ့ ကိုရီးယားနန်းတွင်း ရုပ်ရှင်လည်းဖြစ်ပါတယ်။
ကြည့်ရှုသူ ပရိသတ် ၁ သိန်းခွဲကျော်ရှိပြီး နံပါတ် ၄ နေရာမှာရပ်တည်နေတာကတော့ မင်းသား Ma Dong-seok ဦးဆောင်ပါဝင်ထားတဲ့ ဟာသဒရာမာရုပ်ရှင် “The Soul-mate” ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကြည့်ရှုသူ ၁ သိန်းကျော်နဲ့ အမေရိကန်သည်းထိတ်ရင်ဖို ရုပ်ရှင် “The Nun” က ရပ်တည်နေပါတယ်။
Ref: yonhapnews
The post ကိုရီးယားရုပ်ရှင် ရုံဝင်ငွေစာရင်းမှာ နံပါတ် ၁ နေရာမှာ ရပ်တည်နေတဲ့ “The Great Battle” appeared first on ဧရာဝတီ.