သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် ပန်းရောင်ခြယ်က ဒုတိယမြောက်ခွေထွက်ဖို့ ရှိသလို အောက်တိုဘာလမှာလည်း Music Video တပုဒ် အွန်လိုင်းကနေ ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
“အခွေက Title မပေးရသေးဘူး။ ဒီနှစ် မကုန်ခင်တော့ ထွက်နိုင်အောင် ပြင်ဆင်နေတယ်။ အောက်တိုဘာလထဲမှာလည်း Music Video တပုဒ် ထွက်ဖို့ရှိတယ်။ သီချင်းကတော့ တခါမှ မရိုက်ဖူးသေးတဲ့ ပုံစံလေးတော့ ရိုက်ထားတယ်။ အောက်တိုဘာလထဲမှာ တင်ပေးမှာပါ။ ပန်းရောင်လည်း သေချာ ကြိုးစားပြီး လုပ်ထားတယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
ပန်းရောင်ခြယ်က ညီမလေးဖြစ်သူနဲ့ အတူတူ Cover Song သီချင်းတွေ ဆိုဖြစ်တဲ့ အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“ညီအစ်မ နှစ်ယောက် Cover Song တပုဒ် ဆိုဖူးတယ်။ လောလောဆယ်တော့ Cover Song ထပ်ဆိုဖို့ မရှိသေးဘူး။ ဆိုတော့ ဆိုချင်တယ်။ ပန်းရောင် အခွေတွက် ပြင်ဆင်နေတော့ မဆိုဖြစ်တာပါ။ ညီမလေးက အနုပညာလောကထဲကို ထဲထဲဝင်ဝင် မလုပ်ဖြစ်သေးဘူးပေါ့။ မိသားစုရိုက်တာလောက်ပဲ ရှိတယ်။ သူလည်း အနုပညာလုပ်ငန်းတွေကို လုပ်ဖို့ အတွက် ဝမ်းစာတွေကို ဖြည့်နေတယ်”
“ပန်းရောင်ရော၊ ဖေဖေရော ညီမလေးကို Music နဲ့ ပတ်သက်ပြီး ပြောပြဖြစ်တာလေးတွေ ရှိတယ်။ အချိန်တခုပေးပြီးတော့ Lesson ကြီးအနေနဲ့တော့ မလုပ်ဖြစ်ပေမယ့် သားဖသုံးယောက် Music နဲ့ ပတ်သက်ပြီး ပြောဖြစ်ပါတယ်” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
သီချင်းတွေသာ သီဆိုနေတဲ့ ပန်းရောင်ခြယ်က ကြော်ငြာတွေ Music Video တွေမှာသာ သရုပ်ဆောင်ဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားတွေမှာ သရုပ်ဆောင်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။
“ပန်းရောင်ကြော်ငြာတွေ၊ Music Video တွေမှာ သရုပ်ဆောင်ဖြစ်တယ်။ ဒါပေမယ့် ရုပ်ရှင်ရိုက်ဖို့ တော့ ဝမ်းစာ မရှိသေးဘူး။ သရုပ်ဆောင်တော့ မရိုက် ဖြစ်သေးပါဘူး”လို့ ပန်းရောင်ခြယ်က ဆိုပါတယ်။
“ပြန်ဆိုသီချင်းတွေ ဆိုရင်တော့ လေ့လာရတယ်။ ကိုယ့်ရှေ့မှာ ဘယ်လိုတွေ ဆိုထားတယ်။ ကိုယ်က ဘယ်လိုလေး ဆိုချင်တယ်။ အရမ်းပြောင်းလဲရင် ကိုယ့်နဲ့ လိုက်ပါ့မလား။ ပရိသတ်တွေကြိုက်ပါ့မလား။ အဲ့လိုတော့ ပြင်ဆင်ရတာပေါ့။ ပန်းရောင်ရဲ့ ပထမခွေတုန်းက ငယ်သေးတော့ သိပ်မသိသေးဘူး။ ဒုတိယခွေမှာတော့ သေချာလေး သီချင်းပုံစံတွေ ပြောင်းထားတယ်။ ပန်းရောင် သီချင်းတွေ နားထောင်ပေးတဲ့၊ ချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပန်းရောင်တို့ ညီအစ်မတွေလည်း ကြိုးစားပြီး အနုပညာတွေ လုပ်သွားမှာပါ” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ အဆိုတော် ဂရေဟမ်နဲ့ တွဲပြီး “Wake Up Daddy” ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က တကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ ပန်းရောင်ခြယ်
The post ဒုတိယအခွေမှာ သီချင်းပုံစံ ပြောင်းလဲထားတဲ့ ပန်းရောင်ခြယ် appeared first on ဧရာဝတီ.