“ည” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်က သူ့ရဲ့ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “သမ္မတကြီးထံပေးစာ” မှာ သရုပ်ဆောင်ခဲ့တာကို ၁၀၀ ရာခိုင်နှုန်း ကျေနပ်အားရမှုရှိပြီး ကြိုးစားထားတာအကုန်ပဲလို့ ဧရာဝတီကို ပြောပါတယ်။
“ကိုယ့်ကိုယ်ကိုယ်တော့ မသုံးသပ်တတ်ဘူး။ ဒါပေမယ့် ကျနော် အဲဒီအချိန်မှာ လုပ်ခွင့်ရနေတုန်း ၁၀၀ ရာခိုင်နှုန်း စိတ်ရောကိုယ်ပါ အရမ်းအပင်ပန်းခံပြီးတော့ စိတ်ပင်ပန်းတဲ့ထိ ကြိုးစားခဲ့တယ်။ အဲဒီအတွက်ကြောင့် အခုချိန်ပြန်ပြီး ကြည့်မယ်ဆိုရင်လည်း အဲဒီအချိန်က ကျနော်ကြိုးစားခဲ့တာ အကုန်ပဲ။ အဲဒီထက်ပိုပြီးတော့လည်း ထပ်မရှိတော့ဘူး။ အဲဒါကြောင့် အခုချိန် ပြန်ကြည့်ရင် ၁၀၀ ရာခိုင်နှုန်း ကျေနပ်ပါတယ်”လို့ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် သူ့ရဲ့ကြိုးစားမှုကို အမြန်ဆုံးမြင်စေချင်နေပြီး ကြည့်ရှုမယ့် ပရိသတ်တယောက်ချင်းစီကလည်း ကြိုက်ကြမယ်လို့ ထင်ပါတယ်လို့ ပြောပါတယ်။
“ဒီ “သမ္မတကြီးထံပေးစာ” နမူနာလေးထွက်လာတော့ တော်တော်များများက သဘောကျကြတယ်။ ပြီးတော့ ဒီဇာတ်ကားထွက်လာရင် သွားကြည့်တဲ့ လူတိုင်း ကြိုက်ကြမယ်လို့ ကျနော်ထင်တယ်။ ဇာတ်ကားကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ကျနော်ဆိုရင်လည်း ဒါရိုက်တာဝိုင်းရဲ့ သွန်သင်မှု အောက်မှာပဲ ၁၀၀ ရာခိုင်နှုန်း ကြိုးစားထားတယ်။ ဒီဇာတ်ကား ထွက်လာဖို့ကို အရမ်း စိတ်လှုပ်ရှားတယ်။ မြန်မြန်လည်း တင်စေချင်ပြီ။ ကျနော် ကြိုးစားထားတာလည်း မြင်စေချင်ပြီ”လို့ ချမ်းမင်းရဲထွဋ်က ဆိုပါတယ်။
ချမ်းမင်းရဲထွဋ်အနေနဲ့ သူ ပထမဆုံး ပါဝင် သရုပ်ဆောင်ခဲ့တဲ့ “ည” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့စဉ်က ငယ်သေးတဲ့အတွက် ကြိုးစားနိုင်သလောက်ကြိုးစားခဲ့ပြီး “သမ္မတကြီးထံပေးစာ” မှာတော့ ပိုပြီးတော့ သရုပ်ဆောင်တတ်လာတယ်လို့ ဆိုပါတယ်။
“သမ္မတကြီးထံပေးစာ” ရုပ်ရှင်ကို ဒါရိုက်တာဝိုင်း ရိုက်ကူးထားပြီး အလင်းရောင် ၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကာ ဒီကားရိုက်ကူးခွင့်ရဖို့အတွက်လည်း အခက်အခဲများစွာ ရှိခဲ့တယ်လု့ိ သိရပါတယ်။
“ဒီထဲမှာ ဝန်ကြီးချုပ်ရဲ့သား ဂျွန် ဆိုတဲ့နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီကားကို သရုပ်ဆောင်ရတာ တာဝန်ကြီးတယ်လို့ ထင်တယ်။ အဓိက တာဝန်ကြီးတာက ကျနော့်ရဲ့နေရာပေါ့။ ဗီလိန်အနေနဲ့ သရုပ်ဆောင်ရတယ်။ ပိုပြီးတော့ လူမုန်းများမယ့်နေရာမျိုးပေါ့။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးကို သရုပ်ဆောင်ရတယ်ဆိုတော့ အပြင်မှာ ကျနော်နေတဲ့ ကာရိုက်တာက သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ တခြားစီပဲ” လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်။
ချမ်းမင်းရဲထွဋ်က လက်ရှိအချိန်မှာ “ည” ရုပ်ရှင်ဇာတ်ကားနဲ့ “သမ္မတကြီးထံပေးစာ” တို့မှာ ပါဝင် သရုပ်ဆောင်ထားပြီး အောက်တိုဘာလအတွင်းမှာ “ကံ့ကော်နီ” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ဖွေးဖွေးပြောတဲ့ စိန်ခေါ်မှုတွေများခဲ့တဲ့ “သမ္မတကြီးထံ ပေးစာ”
“သမ္မတကြီးထံပေးစာ” ထဲမှ ပြည်ထောင်စုဝန်ကြီးရဲ့သား ချမ်းမင်းရဲထွဋ်
မျက်နှာချိုလို့ ပရိသတ်တွေ သတိထားမိတာပါလို့ဆိုတဲ့ ချမ်းမင်းရဲထွဋ်
The post “သမ္မတကြီးထံပေးစာ” ရုပ်ရှင်မှာ သရုပ်ဆောင်တာ ၁၀၀ ရာခိုင်နှုန်း ကျေနပ်ပါတယ် appeared first on ဧရာဝတီ.