Westlife အဖွဲ့ဟာ အဖွဲ့ဝင်တွေ ကွဲကွာခဲ့တာ ၆ နှစ်ကြာပြီးတဲ့နောက် ပြန်လည် ပေါင်းစည်းဖို့ အတွက် ပြင်ဆင်ထားပြီ ဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။
အဖွဲ့ဝင်တွေအဖြစ် Kian Egan, Nicky Byrne, Mark Feehily နဲ့ Shane Filan တို့ပါဝင်ထားကြတဲ့ အိုင်းရစ်အမျိုးသား အဆိုတော်အဖွဲ့ဟာ Album အသစ်အတွက် အသံသွင်းနေကြပြီဖြစ်ပြီး လာမယ့်နှစ်မှာ အဲဒီ အယ်လ်ဘမ်သစ်နဲ့အတူ နယ်လှည့်ဖျော်ဖြေပွဲတွေကို လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အခုလိုမျိုး ကြောညာချက်ကို သူတို့အဖွဲ့ရဲ့ facebook စာမျက်နှာပေါ်က ဗီဒီယိုတိုတခုမှာ ထည့်သွင်းဖော်ပြထား ခြင်းဖြစ်ပြီး “ဟိုင်း၊ ကျနော်တို့ဟာ Westlife ပါ” လို့ ကင်မရာကို လှည့်ပြီး မပြောခင် အချင်းချင်း လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။
အဲဒီဗီဒီယိုရဲ့ ပုံစာမှာတော့ “Westlife, သီချင်းအသစ်, ဖျော်ဖြေပွဲအသစ်၊ မကြာမီလာမည်” လို့ ရေးသားထားပါတယ်။ “My Love” သီချင်းနဲ့ ကမ္ဘာမှာသာမက မြန်မာနိုင်ငံမှာပါ အထူး အောင်မြင် ကျော်ကြားခဲ့တဲ့ သူတို့အဖွဲ့ဟာ အခုလိုမျိုး ဖျော်ဖြေပွဲတွေ ပြုလုပ်ဖို့ စိတ်လှုပ်ရှားနေပြီး ပရိသတ်တွေကိုလည်း လွမ်းနေခဲ့တယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင် Shane က “ကျနော်တို့က တဦးကိုတဦး တကယ်လွမ်းနေခဲ့ကြတာပါ။ ပရိသတ်တွေ အားလုံးနဲ့အတူ စင်မြင့်ပေါ်မှာ ဖျော်ဖြေဖို့လည်း လွမ်းနေခဲ့ရတာပါ။ အဖွဲ့တခုအနေနဲ့ ကျနော်တို့ ရချင်တဲ့ အောင်မြင်မှုတွေ အများကြီး ရှိနေတုန်းပါပဲ။ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ ကျနော်တို့ရဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်ကို ကျနော်တို့ ယူဆောင်လာပေးချင်ပါတယ်” လို့ The Sun သတင်းစာကို ပြောကြားခဲ့ဖူးပါတယ်။
အဖွဲ့ကနေ ၂၀၀၄ ခုနှစ်မှာနုတ်ထွက်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်း Brian McFadden ပြန်လည် ပါဝင်လာခြင်း မရှိဘဲ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်မယ့်အဖွဲ့ဟာ သက်တမ်း နှစ် ၂၀ ရှိတဲ့ အဖွဲ့တခုဖြစ်ပါတယ်။
ပြီးခဲ့သီတင်းပတ်မှာ ပေါ့ပ်အဆိုတော် Ed Sheeran က အဖွဲ့အတွက် သီချင်းသစ်ကို ရေးသား ပေးထားတဲ့အကြောင်း၊ အဲဒီသီချင်းကို လာမယ့်နှစ်ကုန်မတိုင်မီဖြန့်ချိမယ်လို့ ခန့်မှန်းထားတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခုသတင်းကို အတည်ပြုလိုက်တာပါ။
သတင်းရင်းမြစ်တခုကတော့ Westlife အဖွဲ့ဟာ သူတို့ရဲ့ တကျော့ပြန်လှုပ်ရှားမှုအတွက် ဖျော်ဖြေပွဲ အားလုံးကို စီစဉ်နေပြီး အဲဒီအထဲမှာ Ed ကိုလည်း ပါဝင်စေဖို့ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။
တချိန်တခါက ကမ္ဘာကျော်ခဲ့တဲ့ အဖွဲ့ရဲ့ လုပ်ငန်းစဉ်ထဲမှာ Ed ပါဝင်လာတာဟာ အဖွဲ့ပြန်လည် ပေါင်းစည်းမှုအတွက် ခိုင်မာတဲ့ အုပ်မြစ်ကို ချပေးမှာဖြစ်ပြီး အဲဒီသီချင်းကိုလည်း အသံသွင်းခဲ့ကြကာ ရလဒ်ကိုလည်း မျှော်လင့်စောင့်စားနေကြပြီ လို့ဆိုပါတယ်။
Ref: contactmusic
The post Westlife အဖွဲ့ ပြန်လည်ပေါင်းစည်းမည်ဟု အတည်ပြု appeared first on ဧရာဝတီ.