နာမည်ကျော် တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ EXO ဟာ လာမယ့်လမှာ Album အသစ်နဲ့အတူ ပြန်လာတော့မှာ ဖြစ်ပါတယ်။
အခု တခါမှာတော့ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်လောက် နောက်ဆုံးဖြန့်ချိ ခဲ့တဲ့ အယ်လ်ဘမ် နောက်ပိုင်း ပထမဆုံးအနေနဲ့ အဖွဲ့ဝင် ၉ ဦးလုံးကို အတူတကွ မြင်တွေ့ရတော့မှာလို့ သူတို့ရဲ့ စီမံခန့်ခွဲရေး အေဂျင်စီက အောက်တိုဘာလ ၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
EXO အဖွဲ့ရဲ့ ပဉ္စမမြောက် စတူဒီယို Album ဖြစ်လာမယ့် “Don’t Mess Up My Tempo” အယ်လ်ဘမ်ကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ဖြန့်ချိဖို့ ပြင်ဆင်ထားတယ်လို့ SM Entertainment က ဆိုပါတယ်။
အခွေသစ်အတွက် ကြိုတင်မှာယူမှုတွေကိုတော့ စတင်ကောက်ခံနေပြီ ဖြစ်ပါတယ်။ အေဂျင်စီရဲ့ အဆိုအရ Music Video ရိုက်ကူးမှုဟာ မကြာသေးခင်ကပဲ ပြီးစီးခဲ့ပြီဖြစ်တဲ့အကြောင်း သိရပါတယ်။
အခုအယ်လ်ဘမ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ဖြန့်ချိခဲ့တဲ့ “The War” အယ်လ်ဘမ်နောက်ပိုင်း ပထမဆုံး ဖြန့်ချိမယ့် သီချင်းခွေလည်းဖြစ်ပါတယ်။ အခုအခွေသစ်မှာတော့ အခုအောက်တိုဘာလ နှောင်းပိုင်း၊ အမေရိကန်နိုင်ငံမှာ တကိုယ်တော်ပွဲဦးထွက် အယ်လ်ဘမ်သစ်ဖြန့်ချိဖို့ ပြင်ဆင်ထားတဲ့ တရုတ်လူမျိုးအဖွဲ့ဝင် Lay အပါအဝင် အဖွဲ့ဝင် ၉ ဦးလုံးအတူတကွ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။
SM Entertainment က “လက်ရှိ တရုတ်နိုင်ငံမှာ လှုပ်ရှားနေတဲ့ Lay ဟာ တရုတ်ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းနဲ့ ဂီတဗီဒီယို ထုတ်လုပ်ရေးမှာ ပါဝင်ထားပြီး အခုတခါတည်း သူတို့တွေကို မြင်တွေ့ရနိုင်ဖို့ လုပ်ဆောင်ထားပါတယ်” လို့ ပြောကြားထားပါတယ်။
EXO အဖွဲ့ဟာ ပြီးခဲ့တဲ့အယ်လ်ဘမ်တွေကြောင့် ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှု ရရှိထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စတူဒီယို Album လေးချပ်လုံးဟာ အချပ်ရေ ၁ သန်းကျော်စီ ရောင်းချခဲ့ရပြီး ဖြစ်ပါတယ်။
အခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ဖြောင်းချန်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားမှာ သူတို့ရဲ့ ဖျော်ဖြေမှုကြောင့် သတင်းတချို့ရဲ့ ထိပ်ပိုင်းမှာ နေရာယူခဲ့ပါတယ်။
Ref: yonhapnews
The post အဖွဲ့ဝင် ၉ ဦးနဲ့အတူ အခွေသစ်ဖြန့်ချိမယ့် EXO အဖွဲ့ appeared first on ဧရာဝတီ.