ဒီတပတ် မိတ်ဆက်ပေးမယ့် ရုပ်ရှင်က ဒါရိုက်တာ Juan Carlos Medina ရိုက်ကူးထားပြီး ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ Horror, Mystery အမျိုးအစားရုပ်ရှင်ကား “The Limehouse Golem” ပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ၁၉၉၄ ခုနှစ်ထုတ် ဆန်းကြယ်တဲ့ လူသတ်မှုတွေအကြောင်း စာရေးဆရာ Peter Ackroyd ရေးသားထားတဲ့ Dan Leno and the Limehouse Golem စာအုပ်ကို ပြန်လည် မှီငြမ်း ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Olivia Cooke, Bill Nighy နဲ့ Dogulas Booth တို့အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။
အဲဒီအချိန်ကာလဟာ လန်ဒန်မြို့မှာ လူသတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့ ကာလဖြစ်ပြီး ဒဏ္ဍာရီလာ သတ္တဝါတကောင်ဖြစ်တဲ့ Golem က လိုက်လံ သတ်ဖြတ်နေတာလို့ လူထုကလည်း ယုံကြည်ထားကြပါတယ်။ သဲလွန်စ အနေနဲ့ ပုံပျက်ပန်းပျက် အလောင်းတွေသာ ကျန်ရစ်ခဲ့ပြီး အမှုကို ဖော်ထုတ်ဖို့ရာ မြို့ခံရဲတွေမှာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေကြရတဲ့ ကာလလည်း ဖြစ်ပါတယ်။
အဲဒီအချိန်နဲ့ တပြိုင်နက်မှာပဲ ကဇာတ်ရုံရဲ့ နာမည်ကျော်တယောက်ဖြစ်တဲ့ Elizabeth Cree ဟာလည်း ယောကျ်ားကို အဆိပ်ခတ်သတ်တဲ့အမှုနဲ့ တရားစွဲဆို ခံထားရတာဖြစ်ပါတယ်။ သူမရဲ့ ယောကျ်ား John Cree ကို စုံထောက် John Kildare က Golem အဖြစ် သံသယဝင်နေတဲ့ အတွက်ကြောင့် သူမကို အမှုနှစ်ခုပေါင်းပြီး ဖမ်းဆီးချုပ်နှောင်ခဲ့ပါတော့တယ်။
Golem ရဲ့ လူနေမှုဘဝထဲက လူသတ်မှုတွေဟာ စာကြည့်တိုက်မှာရှိတဲ့ ဒိုင်ယာရီ စာအုပ် တအုပ် အထဲက ဖြစ်ရပ်တွေနဲ့ ချွတ်စွပ်ဆင်တူနေတာဖြစ်ကြောင်း စုံထောက် Kildare တယောက် သိရှိခဲ့ရပြီး နောက်ဆုံး ငှားရမ်း ဖတ်ရှုခဲ့တဲ့ လူ ၄ ယောက်ထဲက တယောက်ဟာ လူသတ်သမား ဖြစ်မယ်လို့ အမှုကို ကောက်ချက်ချလိုက်ပါတယ်။
အဲဒီ လူ ၄ ယောက်ထဲမှာ John Cree လည်း ပါဝင်နေပြီး သူတို့အားလုံးကို စွဲချက်တင်နိုင်ဖို့အတွက် Kildare ဟာ သူတို့အားလုံးရဲ့ လက်ရေးမူတွေကို ဒိုင်ယာရီထဲက လက်ရေးနဲ့ တိုက်စစ်ကြည့်ဖို စတင်ကြိုးပမ်းပါတော့တယ်။
ဒီဇာတ်ကားဟာ ရုပ်ရှင်တခုလုံး စိတ်ဝင်စားစရာကောင်းတဲ့ အဝေ့အဝိုက်တွေနဲ့ မြှုပ်ကွက်တွေ ပါဝင်တာကြောင့် ခဏလေးတောင် လွတ်သွားလို့ မဖြစ်တဲ့ ရုပ်ရှင်ပါ။
နောက်ဆုံးမှာ စုံထောက် Kildare သံသယရှိတဲ့ Golem ဟာ ဘယ်သူဖြစ်မလဲ၊ ကိုယ့်ယောကျ်ားကိုယ် အဆိပ်ခတ် သတ်တဲ့ Elizabeth တယောက်ရော ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရမှာပါ။ IMDb Rating (6.3) ရရှိထားတာကြောင့် ရုပ်ရှင်ချစ်ပရိတ်သတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
The post လန်ဒန်မြို့ရဲ့ ကွင်းဆက် လူသတ်မှုတွေအကြောင်း “The Limehouse Golem” appeared first on ဧရာဝတီ.