သရုပ်ဆောင် နေတိုးရဲ့ ညီအရင်းဖြစ်သူ သရုပ်ဆောင် မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ညက ဘောလုံးကန်ရင်း အမောဖောက်ကာ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ မင်းသွေး ရုတ်တရက် ကွယ်လွန်သွားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး မင်းသွေးနာရေးကို ကူညီပေးနေတဲ့ သရုပ်ဆောင် အောင်ခိုင်က အခုလို ပြောပြထားပါတယ်။
“ဦးအောင်ခိုင်သိတဲ့ အချိန်က မနက် ၁ နာရီခွဲ ၂ နာရီလောက်တော့ ရှိမယ်။ ဦးအောင်ခိုင် တရေးနိုးတော့ လိုင်းဖွင့်ကြည့်တော့ မင်းသွေးပုံနဲ့ RIP ဆိုတော့ သတင်းမှားတခုပေါ့။ ဦးမန်းဝင်းတုန်းကလည်း သတင်းမှားတက်လာဖူးတော့ ဖုန်းတွေ လျှောက်ဆက်တော့လည်း မကိုင်တော့ သတင်းအမှားပေါ့။ နောက်အနုပညာရှင်တွေဆီက သတင်းတွေတက်လာတော့ တကယ် ဟုတ်တယ်ဆိုပြီး သိလိုက်ရတယ်”
“မနေ့က စင်ကာပူက ပြန်လာတယ်။ ဖူဆယ်ကွင်းမှာ ဘောလုံးသွားကစားတယ်။ CCTV ကနေ ကြည့်ရတဲ့ အဖြေအရ ဘောလုံးကစားပြီး ထိုင်လိုက်တယ်။ ထိုင်ပြီးတော့ ရေနည်းနည်းသောက်ပြီး ပက်လက်လန်သွားတယ်။ ဘေးနားက လူတွေက နောက်နေတယ် ထင်နေကြတာ။ နောက် တကယ်ဖြစ်မှန်း သိတော့မှ စံပြဆေးရုံကို ပို့လိုက်တာ။ စံပြဆေးရုံ ရောက်တော့ ကွယ်လွန်ပြီလို့ ပြောတဲ့အချိန် ည ၁၁ နာရီ မိနစ်၂၀ မှာ တကယ်ဆုံးသွားပြီဆိုတာ သိလိုက်တယ်။ ကိုလူချောအဖွဲ့ လာပြီး ကူညီပေးဖို့ ပြောတဲ့အတွက် ဦးအောင်ခိုင်တို့ လာကူညီပေးတာပါ” လို့ အောင်ခိုင်က ပြောပါတယ်။
ဆက်လက်ပြီး သရုပ်ဆောင် အောင်ခိုင်က လက်ရှိမှာ နာရေးကိစ္စ ဖြစ်နေတဲ့အတွက် မင်းသွေးရဲ့ မိသားစုကို မီဒီယာများအနေနဲ့ အင်တာဗျူး မလုပ်ကြဖို့ တောင်းဆိုထားပြီး မင်းသွေးအမေ ဖြစ်သူကတော့ သားစိတ်နဲ့ အိပ်ရာထဲ လဲနေတယ်လို့ ပြောပါတယ်။
“အိမ်ရှင်တွေရဲ့ ဆန္ဒအရ မိသားစုတွေကိုတော့ အင်တာဗျူး မလုပ်ကြပါနဲ့ဉ်ီး။ သူတို့လည်း မဖြေပါရစေနဲ့ဦးတဲ့။ လာတဲ့ ဧည့်သည်တွေကိုလည်း အပြင်မှာပဲ ဖြေခိုင်းပေးဖို့ မေတ္တာရပ်ခံခိုင်းလို့ ကိုနေတိုးနဲ့ အရီးတို့ကို ကူညီတဲ့အနေနဲ့ ကိုလူချောအဖွဲ့က မီဒီယာတွေကို မေတ္တာရပ်ခံရတာပါ” လို့ အောင်ခိုင်က ပြောပါတယ်။
“မီဒီယာတွေလည်း နားလည်ပေးကြပါ။ အိမ်ထဲမှာ မဗျူးဖို့ပြောတာလည်း အရီးက သားငယ်စိတ်နဲ့ အခြေအနေဆိုးလို့ သရုပ်ဆောင် ပိုင်ဖြိုးသုက ဆေးသွင်းပြီး အိပ်ခိုင်းထားတာကြောင့် အသံကြားလို့ လန့်နိုးသွားမှာစိုးတဲ့အတွက် မဖြစ်သင့်တာတွေ မဖြစ်အောင် အပြင်မှာမေးခိုင်းတာပါ” လို့ အောင်ခိုင်က ဆိုပါတယ်။
“မင်းသွေးရဲ့ Body ကိုတော့ သင်္ဃန်းကျွန်းဆေးရုံကနေ ရေဝေးကို ပို့မှာပါ။ ဈာပနကိုတော့ ဘယ်လိုလုပ်မလဲ ဆိုတာတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ သရုပ်ဆောင်တွေ ရှားပါးနေချိန် သရုပ်ဆောင်ရော၊ သီချင်းဆိုတာရော ကောင်းတဲ့ ကိုယ့်တူ၊ သားတယောက် ဆုံးရှုံးရခြင်းက အနုပညာလောက တခုလုံး ဆုံးရှုံးလိုက်ရသလိုပါပဲ။ စိတ်လည်း တော်တော်မကောင်း ဖြစ်ရပါတယ်”လို့ အောင်ခိုင်က ဆိုပါတယ်။
သရုပ်ဆောင် မင်းသွေးကိုတော့ အောက်တိုဘာလ ၇ ရက်နေ့၊ မနက်ပိုင်း၊ ရန်ကုန်မြို့၊ ရေဝေး သုဿာန်မှာ သဂြုႋဟ်သွားမှာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
“မင်းသွေးက အချိန် မတန်ခင် ကြွေလွင့်သွားရတဲ့ ကြယ်တပွင့်ပါ”
ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင် မင်းသွေး
The post သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားတဲ့အကြောင်း ပြောပြလာတဲ့ အောင်ခိုင် appeared first on ဧရာဝတီ.