Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မင်းသွေးက အချိန် မတန်ခင် ကြွေလွင့်သွားရတဲ့ ကြယ်တပွင့်ပါ”

$
0
0

သရုပ်ဆောင် နေတိုးရဲ့ ညီအရင်းဖြစ်သူ သရုပ်ဆောင် မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ်၂၀ အချိန်က ကွယ်လွန်ခဲ့ပါတယ်။

သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ လူမှုကွန်ရက် စာမျက်နှာများမှာ ပျံ့နှံ့နေသလို အားလုံးကို ရုတ်တရက် နှုတ်ဆက်သွားခဲ့တဲ့ မင်းသွေးအတွက် သူ့ကို ချစ်တဲ့ ပရိသတ်တွေ၊ သူ့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေအားလုံး စိတ်မကောင်းဖြစ်၊ ဝမ်းနည်းနေကြပါတယ်။

တချို့အနုပညာရှင်များဟာလည်း မင်းသွေး ရုတ်တရက် ကွယ်လွန်သွားတဲ့ သတင်းကို မယုံကြည်နိုင်ကြသလို တချို့အနုပညာရှင်များကလည်း သူတို့နဲ့ အတူ ရှိခဲ့ဖူးတဲ့ မင်းသွေးနဲ့ ပတ်သက်ပြီး အမှတ်တရ အကြောင်းရာတွေကို သူတို့ရဲ့ လူမှုကွန်ရက် အကောင့်များမှာ ရေးသားကာ ဝမ်းနည်းစကား ဆိုကြပါတယ်။

သရုပ်ဆောင် မင်းသွေး ကွယ်လွန်သွားတဲ့အတွက် မင်းသွေးရဲ့ နာရေးအိမ်ကို လာရောက် သတင်းမေးမြန်းကြတဲ့ အနုပညာရှင်များရဲ့ ဝမ်းနည်းစကားသံများကို ဧရာဝတီက စုစည်း ဖော်ပြ လိုက်ပါတယ်။

လူမင်း

“မင်းသွေးဆိုတာ ကျနော်တို့ ညီပါပဲလေ။ နေတိုးနဲ့သာ အလုပ်တွေ တွဲလုပ်နေပေမယ့် မင်းသွေးနဲ့ကလည်း ဘောလုံးတွေ ကန်တဲ့အခါပဲ ဖြစ်ဖြစ်၊ နေတိုးနဲ့ တွေ့တဲ့ အခါပဲဖြစ်ဖြစ် အမြဲတမ်း တွေ့မြင်နေကြတော့ ထင်မထားဘူးလေ။ အများကြီး စိတ်မကောင်းဖြစ်ရပါတယ်”

“ကျနော်တို့မှာ ကိုယ်စီ အချိန်တွေရှိခဲ့တာ ကျနော်တို့ မသိဘူးပေါ့။ သူကတော့ အချိန် တန်သွားတာပေါ့။ စိတ်မကောင်းရုံက လွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ သူကြိုးစားထားတဲ့ အနုပညာတွေလည်း အဆိုဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ချပြသွားဖို့ ကျန်သွားပါတယ်။ ပရိသတ်တွေလည်း တကယ်ကို ချစ်ခင်တယ်ဆို သူဖန်တီးခဲ့တဲ့ အနုပညာတွေကို ဆက်လက် အားပေးကြဖို့ပဲ ရှိပါတယ်” လို့ လူမင်းက ဆိုပါတယ်။

မင်းရာဇာ

“အချိန် မတန်ခင် ကြွေလွင့်သွားရတဲ့ ကြယ်တပွင့်လို့ မြင်ပါတယ်။ သူ့အစ်ကိုကလည်း အောင်မြင်တဲ့ အနုပညာရှင်၊ ကျနော်နဲ့ သူငယ်ချင်းတွေပါ။ ဒီကလေးက လိမ္မာရေးခြားရှိတဲ့ ကလေး တယောက်ပါ။ ဒီသတင်းတွေ ဖတ်တဲ့အချိန်မှာ စိတ်မကောင်းပါဘူး။ မျက်ရည်ကျမိတယ်။ သေခြင်းတရားက ဘယ်သူ့ကိုမှ အချိန်ကာလ သတ်မှတ်ထားတာ မဟုတ်ဘူးဆိုတာ သိလာရတယ်”

“အဲ့အတွက် ကျနော်တို့ အသက်ရှင်ချိန်မှာ ကျနော်တို့ အနုပညာ မောင်နှမတွေရော အပြင်ကသူတွေ အားလုံးရော စည်းစည်းလုံးလုံးနဲ့ ကောင်းတာလေးတွေကို လုပ်စေချင်တယ်လို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင် မင်းရာဇာက ပြောပါတယ်။

ကျော်ကျော်ဗို

“ကျနော့် အမျိုးသမီးက မင်းသွေးဆုံးပြီ ပြောတော့ ဒီသတင်းကို စနေတယ် ထင်လို့။ နောက်ကျတော့ တကယ်ဆိုတာနဲ့ ကျနော်လည်း လိုက်သွားတာ။ ရိုးရိုးပဲမောပြီး မူးတယ် ထင်တာလေ။ နှလုံး ထိခိုက်သွားတာလား မသိဘူး။ အနုပညာကို အရမ်းလုပ်ချင်စိတ်ရှိတဲ့ ကလေးလေးပါ။ အမြဲတမ်း အစ်ကိုတွေကိုဆိုလည်း လုပ်ချင်တာလေးတွေ မေးတယ်။ သူလုပ်ချင်တာလေးတွေလည်း တိုင်ပင်တဲ့ ကလေးပါ။ “မုန်းစွဲ” ဇာတ်ကားမှာတော့ အမှတ်တရတွေ ဖြစ်တာပေါ့”

“လွမ်းပါတယ်။ လူတိုင်းက အတွေးအမြင်တွေ မတူကြဘူးပေါ့။ သူကလည်း သူ့အတွေးနဲ့သူ လုပ်တဲ့ သူပေါ့။ လူတိုင်းကလည်း သေမယ့်ဆီကို မွေးလာကြတဲ့သူတွေလေ ကျနော်တို့တွေကသာ မေ့ပျောက်ပြီး နေကြတာ။ အကောင်းဘက်က တွေးပြန်တော့ “အို၊ နာ၊ သေ” ဆိုတာ ရှိတယ်။ သူက အိုလည်း မအို၊ နာလည်း မနာသွားဘူး။ အဲ့နှစ်ဆင့်တော့ ကျော်သွားတယ်ပေါ့” လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။

သရုပ်ဆောင် နေတိုးရဲ့ ညီအရင်းဖြစ်သူ မင်းသွေးဟာ ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်သူ တဦး ဖြစ်ပါတယ်။ သူရဲ့ ပရိသတ်တွေနဲ့ ဖွဲ့ထားတဲ့ “မင်းသွေးနှင့် ဆွေးမျိုးတစ်သိုက်” ဆိုတဲ့ ပရဟိတ အဖွဲ့နဲ့အတူ အလှူအတန်းတွေ အမြဲလုပ်နေသူပါ။

မင်းသွေးရဲ့ ပထမဆုံး တကိုယ်တော်အခွေဖြစ်တဲ့ “ထိုးစစ်” Audio CD ကို ၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိခဲ့ပါတယ်။ သူပါဝင် သရုပ်ဆောင်ထားတဲ့ “သတ်ကွင်း” ဆိုတဲ့ ရုပ်ရှင်ကားလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ-

ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင် မင်းသွေး

သရုပ်ဆောင် မင်းသွေး ကွယ်လွန်မှုအပေါ် အနုပညာရှင်များ၏ ဝမ်းနည်းစကားများ

The post “မင်းသွေးက အချိန် မတန်ခင် ကြွေလွင့်သွားရတဲ့ ကြယ်တပွင့်ပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...