သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က သူရဲ့ကိုယ်ပိုင် ထုတ်လုပ်ရေးဖြစ်တဲ့ “မိုးပြည့်” ရုပ်ရှင် ထုတ်လုပ်ရေးကနေ ရုပ်ရှင်ကားကြီး ၃ ကား ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“မိုးပြည့် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရုပ်ရှင်ကားကြီး ၃ ကား ရိုက်ထားတယ်။ ‘ရွှေအိုး၊ ငွေအိုး ပြည့်သျှံဖြိုး’ ၊ ‘ဒါမျိုးလား အမိုက်စား’ ၊ ‘မြစ်တစ်စင်း၏ ကျေးကျွန်များ’ ဆိုတဲ့ကားတွေပါ။ ပထမ ၂ ကားကတော့ ဆင်ဆာကျပါပြီ။ ရုံတင်ရက် စောင့်နေပါတယ်။ ‘မြစ်တစ်စင်း၏ ကျေးကျွန်များ’မှာ မိုးပြည့် နည်းနည်း ပြန်ပြင်ဖို့ ရှိပါတယ်။ ပြင်ပြီးသွားရင်တော့ အဲဒီကားလည်း ထွက်လာမှာပါ”လို့ မိုးပြည့်ပြည့်မောင်က ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာက ကျော်ဇောလင်း (အတွေးပုံရိပ်)ရိုက်ကူးပြီး လူမင်း၊ နေဒွေး၊ နေနော်၊ ကျော်ထက်ဇော်၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ မိုးပြည့်ပြည့်မောင်နဲ့ ယဉ်လက်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ “ရွှေအိုး၊ ငွေအိုး ပြည့်သျှံဖြိုး” ရုပ်ရှင်ကားကြီးကတော့ မောင်နှစ်မ၊ သူငယ်ချင်းတွေနဲ့ ရွာဓလေ့ရဲ့ သဘာဝကျကျ ရယ်ရမယ့် ရုပ်ရှင်ကားဖြစ်ပြီး ပထမဆုံး ရုံတင်ဖြစ်မယ့် ရုပ်ရှင်ကားလို့ သိရပါတယ်။
“မြစ်တစ်စင်း၏ ကျေးကျွန်များ”ကို ဘာကြောင့်ပြန်ပြင်ချင်တဲ့ အကြောင်းကိုလည်း မိုးပြည့်ပြည့်မောင်က အခုလို ပြောပြပါတယ်။
“‘မြစ်တစ်စင်း၏ ကျေးကျွန်များ’ ရုပ်ရှင်ကားက ဒီအတိုင်းတော့ ပြလို့ရတယ်။ ဒါပေမယ့် မိုးပြည့် ကိုယ်တိုင်က လောဘကြီးနေတာ။ မိုးပြည့်ထုတ်လုပ်ရေးက ပထမဆုံး ရိုက်ကူးထုတ်လုပ်မယ့် ကားဆိုတော့လေ အကောင်းဆုံးဖြစ်အောင်လို့ကို အကောင်းဆုံးကြိုးစားနေပါတယ်”
“အနုပညာသမားတွေ အကုန်လုံးမှာတော့ အားရကျေနပ်မှု ရှိပါတယ်။ ဆင်ဆာလေး တခုပဲ။ ဆင်ဆာက မရတော့ ဟိုဟာလေး နည်းနည်းဖြုတ်၊ ဒီဟာလေးနည်းနည်းဖြုတ်နဲ့။ ဇာတ်က လိုရင်းကို ထင်သလောက် မရောက်ဘူး။ အဲဒါကြောင့်ပါ။ ပါဝင်တဲ့ ဝါရင့် အနုပညာသမားတွေ ဆီကတော့ အကုန်အပြည့်ရပါတယ်”လို့ မိုးပြည့်ပြည့်မောင်က ပြောပါတယ်။
မိုးပြည့်က ရုပ်ရှင်ထုတ်လုပ်ရေး စတင်မိတ်ဆက်ခဲ့စဉ်က လူမိုက်လို့ အခေါ်ခံခဲ့ရဖူးတာကြောင့် ဒါနဲ့ ပတ်သက်လို့လည်း မိုးပြည့်ပြည့်မောင်က အခုလို ဆိုပါတယ်။
“အတော်မိုက်နေပြီလေ။ အဖတ်ဆယ်လို့တောင် မရဘူး။ ပရိသတ်ဆီကို မိုးပြည့် ထုတ်လုပ်ရေးက ကားတွေ အမြန်ဆုံးရောက်အောင် ကြိုးစားနေပါတယ်။ ရုပ်ရှင်ကားကြီးတွေဆို အများကြီး တန်းစီနေတာ သူများတွေဆို နှစ်နဲ့ချီလို့။ အဲဒီကြားထဲမှာမှ မိုးပြည့် ပရိသတ်အတွက် အမြန်ဆုံး ကြည့်လို့ရအောင် ကြိုးစားနေတယ်။ ကံ၊ ဉာဏ်၊ ဝီရိယအပြင် လူကပါ မသိသေးတာတွေကို ဆရာတွေဆီကနေ သိအောင် လုပ်တယ်။ ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး နားလည်အောင် ကြိုးစားရတာတွေရှိတယ်”လို့ မိုးပြည့်ပြည့်မောင်က ဧရာဝတီကို ပြောပါတယ်။
“ထုတ်လုပ်ရေးအနေနဲ့ကတော့ မိုးပြည့် ရုပ်ရှင်ကားတကား အရင်တင်လိုက်ဦးမယ်။ တကား တင်ပြီးတော့မှ အခြေအနေကြည့်ပြီး ထပ်လုပ်မယ်။ ဘာလို့လဲဆိုတော့ စောင့်ရတဲ့ကားတွေ အရမ်းများတော့ ဇာတ်လမ်းကလည်း အသေအချာ ရွေးချယ်ရဦးမယ်။ ခေတ်ကလည်း အမျိုးစုံ ပြောင်းနေတာဆိုတော့လေ စောင့်ကြည့်ရမှာပေါ့။ ရိုက်ကူးရေးအနေနဲ့ကတော့ နယ်မှာက မိုးပြည့် ပရိသတ်တွေရှိတော့ ဗီဒီယိုတွေကတော့ ရိုက်ဖြစ်နေတယ်။ မင်းသားသစ်တွေ၊ နယ်မင်းသားတွေနဲ့ ရိုက်ဖြစ်နေတယ်”လို့ မိုးပြည့်ပြည့်မောင်က ဆိုပါတယ်။
The post “မြစ်တစ်စင်း၏ ကျေးကျွန်များ” ရုပ်ရှင်အတွက် လောဘကြီးနေတဲ့ မိုးပြည့်ပြည့်မောင် appeared first on ဧရာဝတီ.