Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်လက်ခံတဲ့ အဆိုတော် တယောက်ဖြစ်လာတဲ့ ဘီလီလမင်းအေးကတော့ သူမဟာ သီချင်းပြိုင်ပွဲမှတဆင့် လူသိလာတာဖြစ်တဲ့အတွက် ပရိသတ်ကို အရင်ဆုံး သီချင်းတွေကိုပဲ ချပြချင်ပြီး သရုပ်ဆောင်ဖို့ အစီအစဉ် မရှိပါဘူးလို့ ပြောပါတယ်။
“သရုပ်ဆောင်ဖို့ အတွက်တော့ မရှိပါဘူး။ ဝါသနာမပါတာထက် ဖူးက Myanmar Idol ကနေ လူသိလာတာဖြစ်တဲ့ အတွက်ကြောင့် သီချင်းဆိုတာကိုပဲ အရင်ဆုံးသီချင်းတွေနဲ့ ချပြချင်ပါတယ်။ သီချင်းဆိုတာနဲ့ သရုပ်ဆောင်တာ ကွဲခြားမှုတွေ ရှိတဲ့အတွက်ကြောင့် ဖူးအတွက်ကြောင့်တော့ Music Video တွေမှာ သရုပ်ဆောင်တာက အစဖြစ်တဲ့အတွက်ကြောင့် တချို့နေရာတွေမှာ အခက်အခဲ ရှိပေမယ့် အဆင်တော့ပြေနေပါတယ်”လို့ ဘီလီလမင်းအေးက ပြောပါတယ်။
မကြာခင်က ထွက်ရှိထားတဲ့ သူမရဲ့ “အရှုံးမပေးတဲ့ ဝိညာဉ်” ထဲမှ သီချင်းများကို ရွေးချယ်ကာ Music Video ရိုက်ကူးဖို့ ရှိပြီး လတ်တလောမှာတော့ ရှိူးပွဲတွေ ဆက်တိုက် ဆိုနေရတယ်လို့ ပြောပါတယ်။
“တောက်လျှောက် ရှိူးပွဲတွေသွားနေတယ်။ ဖူးရဲ့ ‘အရှုံးမပေးတဲ့ ဝိညာဉ်’ အခွေအတွက် Music Video ရိုက်နေတယ်။ တခွေလုံးတော့ ရိုက်ဖြစ်ဖို့မရှိဘူး။ ရွေးချယ်ပြီးတော့ ရိုက်သွားမယ်။ တချို့သီချင်းတွေက တေးသရုပ်ဖော်လို ပုံဖော်မှ ပရိသတ်တွေ ကြိုက်မှာမျိုးတွေ ရှိပါတယ်။ စဉ်းစားထားတာတွေ လုပ်ထားတာတွေ အများကြီးရှိပါတယ်” လို့ ဘီလီလမင်းအေး က ပြောပါတယ်။
ဘီလီလမင်းအေးက အောက်တိုဘာ ၁၄ ရက်နေ့၊ စင်ကာပူမှာပြုလုပ်မယ့် Unplugged Show ပွဲမှာလည်း သွားရောက် ဖျော်ဖြေဖို့အတွက် အောက်တိုဘာ ၁၃ရက်နေ့မှာ စင်ကာပူကို သွားရောက်မယ်လို့ သိရပါတယ်။
“လာမယ့် ၁၃ ရက်နေ့ စင်ကာပူမှာ Unplugged Show ဆိုဖို့ ရှိတယ်။ အနုပညာရှင်အနေနဲ့ ဆိုရင်တော့ ဖူး တယောက်တည်းပါပဲ။ စင်ကာပူက အနုပညာရှင်တွေလည်း ပါပါမယ်။ “အရှုံးမပေးတဲ့ ဝိညာဉ်” အခွေကို အားပေးတာကို တွေ့တယ်။ အဲဒီအတွက် ကျေးဇူးတင်တယ်။ ဒီနှစ် မကုန်ခင်မှာလည်း နောက်ထပ်တခွေ ထွက်ဖို့အတွက် ပြင်ဆင်နေတယ်။ အဲဒီအခွေ ထွက်လာရင်လည်း အားပေးကြပါ” လို့ ဘီလီလမင်းအေးက ပြောပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း သီဆိုထားတဲ့ အဆိုတော် ဘီလီလမင်းအေး
The post သီချင်းဆိုတဲ့ဘက်က လာတာဖြစ်တဲ့အတွက် သရုပ်ဆောင်လုပ်ဖို့ အစီအစဉ် မရှိပါဘူး appeared first on ဧရာဝတီ.