အနုပညာအလုပ်တွေကို အချိန်အတော်ကြာ နားထားပြီးမှ ပြန်လုပ်ဖို့ ပြင်ဆင်ထားတဲ့ သရုပ်ဆောင် ပြည့်ဖူးခိုင်က ဒီနှစ် မွေးနေ့အလှူကို ရန်ကုန်မြို့၊ ချမ်းမြေ့ရိပ်သာဘုန်းကြီးကျောင်းမှာ အောက်တိုဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ပြည့်ဖူးခိုင်က မွေးနေ့အလှူအဖြစ် ချမ်းမြေ့ရိပ်သာဘုန်းကြီးကျောင်းက သံဃာတော်များ၊ ယောဂီများကို နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပါတယ်။ ပြည့်ဖူးခိုင်က အနုပညာအလုပ်တွေအတွက် ပြန်လည် စတင် လုပ်ဖြစ်နေတာနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“အခု လောလောဆယ် ညီမကို လာကမ်းလှမ်းတာ ရှိတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း အသက်အရွယ်တခု ရလာပြီ ဆိုတော့ နေရာကို အရမ်းလက်ခံတာမျို းမဟုတ်ဘဲနဲ့ သေချာစဉ်းစားပြီးမှ လုပ်မယ်လို့ စဉ်းစားထားတော့ အဲဒါလေးကို ငြင်းလိုက်မိတယ်။ လောလောဆယ်မှာတော့ ဂျာနယ်တို့၊ မဂ္ဂဇင်းတို့မှာ အလှပုံတို့၊ Cover တို့ကို ဝမ်းသာပျော်ရွှင်စွာနဲ့ ရိုက်ဖြစ်နေတယ်။ ငယ်ငယ်တုန်းက လုပ်ခဲ့သလိုပဲပေါ့”လို့ ပြည့်ဖူးခိုင်က ဧရာဝတီကို ပြောပါတယ်။
အသက်အရွယ်အရ စဉ်းစားထားတဲ့ပုံစံနဲ့ သတ်မှတ်ထားတဲ့ စိတ်ကူးများလည်း ရှိပြီး ရှေ့ဆက်လုပ်မယ့် အနုပညာအကြောင်းကိုလည်း သူက အခုလိုပဲ ဆိုပါတယ်။
“အဓိကနေရာရယ်လို့ မဟုတ်ဘူး။ ကိုယ့်ကိုလာခေါ်တဲ့နေရာက လုပ်ကွက်တခု ရှိမယ်။ ၇ ခန်း၊ ၈ ခန်းပဲ ပါချင်ပါမယ်။ ဒါပေမယ့် ကာရိုက်တာတခုအနေနဲ့ ဒီဇာတ်ရုပ်ထဲမှာ ပါမယ်ဆိုရင်ပဲ ဖြစ်ဖြစ် ဇာတ်ကားတခုလုံးမှာ ဇာတ်ရုပ်တခုပဲ ပါတယ်ဆိုရင်ပဲဖြစ်ဖြစ် ညီမ လက်ခံဖြစ်မှာပါ”
“ဥပမာ လူပါရင်ပြီးရောဆိုပြီး တချို့ဇာတ်လမ်းတွေ ရှိတယ်လေ။ အဲဒီလိုမျိုး ဆိုရင်တော့ ညီမ မရိုက်ချင်ဘူး။ ကိုယ့်ကိုလည်း သိသင့်သလောက်သိတဲ့ ပရိသတ်ရှိတဲ့အပေါ်မှာ ညီမအနေနဲ့ကျတော့ ဇာတ်ကားထဲမှာပါရင် ပြီးရောလို့ မလုပ်ချင်ဘူး”လို့ ပြည့်ဖူးခိုင်က ဆိုပါတယ်။
ဒီဘက်ခေတ်မှာ ပရိသတ်စိတ်ဝင်စားမှု ရှိလာတဲ့ ရုပ်သံစီးရီးတွဲ ရိုက်ကူးဖို့ စိတ်ဝင်စားပြီး ကိုယ်တိုင်လည်း ရုပ်သံစီးရီးတွေကို ကြည့်ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုလာနေတဲ့ ‘မနေ့ကဖြစ်သည်’ ဇာတ်လမ်းတွဲလေ။ မနက် မမှီလို့ မကြည့်ဖြစ်ခဲ့ရင် ညနေစောင့်ကြည့်တယ်။ မထက်တို့၊ မြတ်လေးတို့ ရိုက်ထားတဲ့ကားဆိုရင်လည်း သူတို့ကိုကြည့်ပြီး ကိုယ်တောင်မှ သရုပ်ဆောင်ချင်စိတ်တွေ ဖြစ်လာတယ်။ ဇာတ်လမ်းတွဲဆိုတော့လေ အခန်းဆက်တွေများပြီး စွဲလမ်းမှု ပိုဖြစ်တယ်။ ပရိသတ်နဲ့လည်း ထိတွေ့မှု ပိုများတယ်။ ကိုယ့်အတွက်လည်း အနုပညာကျန်တယ်။ အဲဒါမျိုးဆို သရုပ်ဆောင်ချင်တယ်”လို့ ပြည့်ဖူးခိုင်က ဆိုပါတယ်။
တကျော့ပြန် လှုပ်ရှားမယ့် အနုပညာအလုပ်တွေအတွက် ပြင်ဆင်နေတာတွေကိုလည်း ပြည့်ဖူးခိုင်က အခုလိုပဲ ပြောပါတယ်။
“အရင်တုန်းကလုပ်မယ်လို့ပြောပြီး မလုပ်ဖြစ်ခဲ့တာက ညီမက အရမ်းဝနေတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာလည်းပါပြီး လာကမ်းလှမ်းတာတွေကို လက်မခံဖြစ်သေးတာပါ။ နောက်ဆုံးတော့ဘယ်လို Solution ထွက်သွားလဲဆိုတော့ ငါဒီအလုပ်လုပ်မယ်ဆိုရင် ဝိတ် ချကိုချရမယ်ဆိုပြီး ချဖြစ်တယ်။ ဒီထက်လည်း ထပ်ချရပါဦးမယ်”
“ညီမက အရမ်းဝသွားတော့ အရမ်းအသက်ကြီးတဲ့ မိန်းမကြီးဆိုရင်လည်း အမေခန်းတွေ၊ အဒေါ်ခန်းတွေ သရုပ်ဆောင်လို့ ရတယ်။ အခုညီမအသက်အရွယ်၊ ညီမအနေအထားနဲ့ဆိုရင် ပထမဆုံး ဝိတ်ချရမယ်ဆိုတော့ ညီမ ဝိတ်ကိုတော်တော်လေး ကြိုးစားချခဲ့ပါတယ်။ ပြီးတော့အရင်ကဆိုရင် ညီမက ဒါရိုက်တာတွေက ဒီလိုလုပ်ဆိုရင် ဒီလိုပဲ လုပ်တယ်။ အခု ကျတော့ ညီမက ဝတ္ထုတပုဒ်ဖတ်လိုက်ပြီးရင် ဇာတ်ကောင်တခုကို ကိုယ့်ဟာကိုယ် စိတ်ကူးနဲ့ ပြင်ဆင်တာတွေ ရှိလာတယ်”
“ငယ်ငယ်ကတော့ ရှုတင်ရောက်ရင် ကျောင်းစာသင်သလိုပဲ လုပ်ခဲ့တာ။ အခုဆိုရင်တော့ ကိုယ့်စီနီယာတွေ ပြောတာတွေအပြင် ကိုယ့်စိတ်ကူးလေးနဲ့ပါ လုပ်ဖို့ စဉ်းစားတတ်လာပြီ”လို့ ပြည့်ဖူးခိုင်က ဧရာဝတီကို ပြောပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဇာတ်ကားတွေ ပြန်ရိုက်ဖို့ ဝိတ်အရင်ချနေတဲ့ သရုပ်ဆောင် ပြည့်ဖူးခိုင်
The post အနုပညာတွေပြန်လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ ပြည့်ဖူးခိုင် appeared first on ဧရာဝတီ.