‘Avengers’ ရုပ်ရှင်စတား မင်းသမီး Scarlett Johansson ဟာ သူ့ဇာတ်ကောင် ‘Black Widow’ ကို ဦးစား ပေးမယ့် ရုပ်ရှင်အတွက် အနုပညာကြေးကောင်းကောင်း ရရှိထားတယ်လို့ဆိုပါတယ်။
“Avengers: Infinity War” ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မင်းသမီး Scarlett ဟာ မကြာမီရိုက်ကူးတော့မယ့် Black Widow တကိုယ်တော် ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခအဖြစ် ဒေါ်လာ ၁၅ သန်းရရှိမှာဖြစ်ကြောင်း the Hollywood Reporter သတင်းမှာ ရေးသားဖော်ပြပါတယ်။
သတင်းရင်းမြစ်တော်တော်များများကို ကိုးကားပြီး The Hollywood Reporter က အတည်ပြုဖော်ပြပေမယ့် Marvel ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးကတော့ အများပြည်သူသို့ ထုတ်ပြန်တဲ့ကြေညာချက်တခုထဲမှာတော့ ကိန်းဂဏန်းအတိအကျကို ဖော်ပြမထားပါဘူး။
အဲဒီပြောခွင့်ရပုဂ္ဂိုလ်က “Marvel Studios ဟာ အဲဒီကိန်းဂဏန်း အရေအတွက် တိကျမှုကို အငြင်းပွားစရာရှိပါတယ်။ မူဝါဒပိုင်းဆိုင်ရာအရ ကျနော်တို့ဟာ သဘောတူညီချက်တွေနဲ့ လစာအနုပညာကြေးတွေကို ဘယ်တော့မှ ထုတ်ဖော် ပြောကြားမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
တကယ်လို့သာ အဲဒီပမာဏ အမှန်ဖြစ်ခဲ့မယ်ဆိုရင် အသက် ၃၃ နှစ်အရွယ် မင်းသမီး Scarlett ဟာ “Captain America: Civil War” ရုပ်ရှင်မှာ မင်းသား Chris Evans နဲ့ “Thor: Ragnarok” ရုပ်ရှင်မှာ မင်းသား Chris Hemsworth တို့ ရရှိခဲ့တဲ့ အနုပညာကြေးနဲ့ တန်းတူညီရရှိမှာပဲဖြစ်ပါတယ်။ နှိုင်းယှဉ်ဖော်ပြရမယ်ဆိုရင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Avengers” ရုပ်ရှင်မှာဆိုရင် သတ္တမမြောက်အနုပညာကြေးအမြင့်ဆုံး ရရှိသူသာ ဖြစ်ခဲ့ပါတယ်။
Marvel Studios ဟာ အနုပညားကြေးတိုးပေးတာနဲ့ ရုံတင်ငွေကိုအခြေခံတဲ့ တင်ဆက်ပုံ အပိုကြေးတွေကို ခံစားခွင့်အနေနဲ့ ပေးတာမျိုးကိုတွေကို အသုံးပြုပြီး သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်သဘောတူညီချက်တော်တော်များ များကို ငွေကြေးပမာဏ တော်တော်များများနဲ့ လက်မှတ်ရေးထိုးလေ့ရှိပါတယ်။
ဥပမာအားဖြင့် မင်းသား Robert Downey Jr. ဟာ သူ့ရဲ့ ပထမဆုံး “Iron Man” ရုပ်ရှင်အတွက် ဒေါ်လာ ၅ သန်းသာ ရရှိခဲ့ရာကနေ လေးနှစ်ကြာပြီးတဲ့ နောက် ရိုက်ကူးတဲ့ “The Avengers” ရုပ်ရှင်မှာတော့ ဒေါ်လာ သန်း ၅၀ ရရှိခဲ့ပါတယ်။
Black Widow ရုပ်ရှင်ဟာ အခုအထိတော့ ဖြန့်ချိမယ့်ရက်ကို မသိရှိရသေးဘဲ ကြိုတင်ထုတ်လုပ်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။
Ref: etcanada
The post ‘Black Widow’ ရုပ်ရှင်အတွက် Scarlett Johansson အနုပညာကြေး ဒေါ်လာ ၁၅ သန်းရရှိ appeared first on ဧရာဝတီ.