အခွန်ရှောင်မှု ပြဿနာတက်ခဲ့တဲ့ တရုတ်မင်းသမီး Fan Bingbing ကတော့ အခြားမှားယွင်းခဲ့မှုနဲ့ ပတ်သက်လို့ စွပ်စွဲခံရမှုတခု ထပ်မံဖြစ်ပေါ်နေပြန်ပါပြီ။
ဒါပေမယ့် ဒီတခါကတော့ ရာဇဝတ်မှု မဟုတ်ဘဲ တရုတ်ဘာသာစကား ဖြစ်တယ်လို့ ဟန်ဇူးပြည်နယ်မှ အထက်တန်း ကျောင်းဆရာမတဦးကပြောဆိုပါတယ်။
မျိုးရိုးနာမည် Qiu လို့ ဖော်ပြထားတဲ့ အဲဒီဆရာမဟာ ဘာသာစကားအသုံးအနှုန်း အမှားတွေကို ရှောင်ရှားနိုင်ဖို့ ဥပမာပြတဲ့အနေနဲ့ မင်းသမီး Fan က သူ့ရဲ့ Weibo အကောင့်မှာ ရေးသားခဲ့တဲ့ တောင်းပန်စာကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်မင်းသမီးဟာ အခွန်ရှောင်မှုအတွက် ယွမ် ၈၈၃ သန်းဒဏ်တပ်ခံခဲ့ရပြီးတဲ့နောက် အများပြည်သူထံ ရေးသားတဲ့ တောင်းပန်စာတခုကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆရာမ Qiu ရဲ့ သူ့ရဲ့ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားတွေရဲ့အတန်းအတွက် စာသင်နှစ်ဆုံး ပြန်လည် လေ့ကျင့်ခန်းအတွက် ပြင်ဆင်နေတဲ့အချိန်မှာ အခုလိုမျိုး မင်းသမီးရဲ့ ပို့စ်ထွက်ပေါ်လာခဲ့တာလို့ Qianjiang Evening News ကိုပြောကြားခဲ့ပါတယ်။
အဲဒီဆရာမဟာ အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မင်းသမီးရဲ့ ရှည်လျားတဲ့ စာအတွင်းမှာ စာလုံးပေါင်းနဲ့ သဒ္ဒါအမှား ၁၀ ခု ပါဝင်နေတာကို သတိထားမိခဲ့ပါတယ်။ ဒါကြောင့် သူ့သင်ခန်းစာမစတင်မီ ညမှာ ဆရာမ Qiu ဟာ ကျောင်းသားတွေ သတိထား ဆင်ခြင်ဖို့အတွက် လေ့ကျင့်ခန်းတခုအတွင်း မင်းသမီးရဲ့ စာကို ထည့်သွင်းလို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။
Epoch Times မီဒီယာရဲ့ အဆိုအရ ဆရာမ Qiu ရဲ့ စမ်းသပ်မှုဟာ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ ကျောင်းသား တွေက ပထမကတော့ အဲဒီစာကိုမြင်ပြီး ကြောင်စီစီဖြစ်သွားခဲ့ကြပေမယ့် ပုံမှန်မဟုတ်တဲ့ လေ့ကျင့်ခန်းကို ဖြေရှင်းဖို့ စိတ်လှုပ်ရှားခဲ့ကြတယ်လို့ဆိုပါတယ်။
ကျောင်းသားတွေဟာ အဲဒီစာထဲကနေ အမှား ၁၀ ခုလုံးကို ရှာထုတ်နိုင်ခဲ့ကြပြီး တချို့ကျောင်းသားတွေဟာဆိုရင် ဆရာမ ရှာမတွေ့ခဲ့တဲ့ အမှားအချို့ကိုတောင် ထောက်ပြနိုင်ခဲ့ကြပါတယ်။
အခုတော့ မင်းသမီး Fan ရဲ့ ဖြစ်ရပ်ကြောင့် အခွန်တွေ ပေးဆောင်ကြဖို့ အရေးကြီးတဲ့အကြောင်း အခြားအနုပညာရှင်တွေကို သာမက အခုတော့ လူငယ်ကျောင်းသားတွေ အတွက်လည်း သင်ကြားပေးနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။
Ref: asiaone
The post Fan Bingbing ရဲ့ တောင်းပန်စာကို တရုတ်စာသင်ကျောင်းမှာ သင်ခန်းစာအဖြစ်သင်ကြား appeared first on ဧရာဝတီ.