အဆိုတော်စည်သူလွင်ရဲ့ သီချင်းတွေကို တစုတစည်းတည်း နားထောင်ချင်တဲ့ ပရိသတ်တွေအတွက် စည်သူလွင်က တကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာလထဲမှာ ကျင်းပသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ တကိုယ်တော်ဖျော်ဖြေပွဲမှာတော့ ထူးထူးခြားခြားဖြစ်အောင် သီချင်းပုံစံတွေ ပြောင်းဖို့လဲရှိတယ်လို့ ဆိုပါတယ်။
”ကျနော်ရဲ့ One Man Show ကို နိုဝင်ဘာလ ၁၀ ရက်နေ့ Hexagon Complex မှာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တီးဝိုင်းကတော့ plus 3 band နဲ့ပါ။ စုံတွဲတော့ ၂ယောက်လောက်တွဲဆိုဖို့ တိုင်ပင်ထားပါတယ်။ သီချင်းတွေကိုလည်း ကျနော်တို့ ငယ်ငယ်တုန်းက ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းလေးတွေ ရွေးချယ်ပါတယ်”
“ ဒါပေမယ့် တပွဲနဲ့တပွဲ အရသာတော့ မတူအောင် အများကြီး စဉ်းစားထားရတယ်။ ကျနော်စိတ်ကူးထားတာလေး တွေလည်း အများကြီးရှိပါတယ်။ ဒီပွဲလေးလုပ်တာက ကျနော်တို့လို လူလတ်ပိုင်းတွေအတွက် ပွဲတွေကနည်းတယ်။ လူငယ်တွေ အတွက် ပွဲတွေများတော့ ကျနော်တို့လိုသက်လက် ပရိသတ်အစစ်အမှန်နဲ့ ဖြတ်သန်းခွင့်ရအောင်လို့ လုပ်ဖြစ်တာပါ” လို့ စည်သူလွင်က ဆိုပါတယ်။
အဆိုတော်စည်သူလွင်ရဲ့ တေးသီချင်းများက သက်လတ်ပိုင်းပရိသတ်တွေရဲ့ကြားမှာ အောင်မြင်မှုများ ရရှိတာလည်းဖြစ်ပါတယ်။ တကိုယ်တော်တေးစီးရီးများစွာကိုလည်း ထွက်ရှိခဲ့တဲ့ စည်သူလွင်က ဂီတနဲ့ အဆက်အသွယ်မပြတ်အောင် Show တွေမှာလည်း မကြာခဏ သီဆိုသူလည်းဖြစ်ပါတယ်။
အဆိုတော်စည်သူလွင်ကတော့ ၂၀၁၅ ခုနှစ်တုန်းက သူငယ်ချင်းဖြစ်သူ အဆိုတော်တင်ဇာမော်နဲ့ တွဲပြီး ဖျော်ဖြေပွဲလည်း သီဆိုခဲ့သလို၊၂၀၁၆ ခုနှစ်တုန်းကလည်း အဆိုတော်အေးချမ်းမေ နဲ့ တွဲဖက်ပြီးတော့ ဖျော်ဖြေပွဲတွေပြုလုပ်ခဲ့ပါသေးတးယ်။ စည်သူလွင်ရဲ့ ပထမဆုံး တကိုယ်တော်ရှိုးကိုတော့ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စည်သူလွင်က ယခုဒုတိယအကြိမ်ပြုလုပ်တဲ့ တကိုယ်တော်ဖျော်ဖြေပွဲကိုတော့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ဝန်းရှိ Hexagon Complex မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
The post နိုဝင်ဘာလမှာ တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မယ့် အဆိုတော်စည်သူလွင် appeared first on ဧရာဝတီ.