ပရဟိတအလုပ်တွေနဲ့သာ အတွေ့များနေတဲ့ ဝေဠုကျော်က ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ချင်သေးတယ်လို့ မီဒီယာများကို ဆိုပါတယ်။
ဝေဠုကျော်က ဝါသနာအရ တနှစ်ကို ရုပ်ရှင်ဇာတ်ကားတွေ တကား၊ နှစ်ကားလောက် ရိုက်ဖြစ်ပေမယ့်လည်း ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာကြောင့် သူ့ကို ဇာတ်ကားမရိုက်တော့ဘူးဆိုပြီး ထင်နေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တနှစ်ကို တကားနှစ်ကား ခေါ်တဲ့လူရှိရင် ရိုက်ပါတယ်။ ကျနော်က နေရာအနှံ့ လျှောက်ပြီး သွားနေတာဆိုတော့ သူတို့လည်း မရိုက်တော့ဘူး အောက်မေ့လို့ သူတို့ကလည်း မခေါ်ဘူး။ မခေါ်တော့ ကျနော်လည်း မရိုက်ဖြစ်ဘူး။ မခေါ်တာရယ် မရိုက်ဖြစ်ရယ် ၊ မရိုက်ဖြစ်တာရယ် မခေါ်တာရယ်နဲ့ လုံးလည်ချာလည်လိုက်ပြီး အနုပညာနဲ့နည်းနည်း ဝေးလာတာပေါ့”
“အနုပညာသမားပဲ ရိုက်ချင်တာပေါ့ဗျာ ။ ကျရာနေရာလေးက အလုပ်လုပ်ချင်သေးတာပေါ့။ ကျနော့်ကို ခေါ်ပါ ရိုက်ပါတယ်။ ဈေးလည်း မကြီးပါဘူး။ ဇာတ်ကြိုက်ရင်လည်း အလကားရိုက် ပေးပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာ အခုထက်ထိရှိနေတဲ့ “စီအိုင်ဒီဘကောင်း” ဇာတ်ကားကိုလည်း ရုပ်ရှင်အနေနဲ့လုပ်ဖို့ ရှိပါတယ်။ ဘကောင်းစီးရီးကို ရုပ်ရှင်နဲ့ အဆုံးသတ်ဖို့ စဉ်းစားနေတယ်။ ကျနော်မအားသေးလို့ပါ” လို့ ဆိုပါတယ်။
ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်က စပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ “ဝေဠုကျော် ဖောင်ဒေးရှင်း”ကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံအတွင်းက ဘယ်ဒေသမဆို သဘာဝဘေးအန္တရာယ်ကြုံလာတဲ့နေရာတိုင်းကို ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့အတူ သွားရောက်ကူညီပေးသူလည်း ဖြစ်ပါတယ်။
ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တဦး ဖြစ်ပါတယ်။
The post “ဇာတ်ကားတွေရိုက်ဖို့ ကျနော်ကိုခေါ်ပါ ဈေးလည်းမကြီးပါဘူး” appeared first on ဧရာဝတီ.